#IELTS #Self-study #Listening #Reading #Writing #Speaking #Resource #OnlineCourse #Website #Language #Skills #Systems #Format
.
Speaking - Online (2022-05-25)
Listening, Reading, Writing - Paper-based (2022-05-28)
.
.
2022-05-12 မှာ ဟောင်ကောင်တက္ကသိုလ် ကျောင်းဝင်ခွင့်အတွက် English language requirement လိုအပ်တယ်လို့ အကြောင်းကြားစာ လာပါတယ်။ ဒါနဲ့ ချက်ချင်းပဲ စာရင်းသွင်းပြီး ဖြေဖြစ်သွားတာပါ။ Hard copy စာရွက်စာတမ်းတွေ ဟောင်ကောင်ကို ပို့ရမှာတွေ၊ အဲဒီနောက်မှာ ပါလာမဲ့ ဗီဇာကိစ္စတွေ စသည်ကြောင့် အချိန်တွေ တွက်ဆပြီး မြန်မြန် လုပ်ဖြစ်သွားတဲ့သဘောပါ။ စာလုပ်ချိန် ၂ ပတ်လောက်ပဲ ရတယ်ဆိုပါတော့။ အမှန်က အင်္ဂလိပ်စာနဲ့ ဝေးနေတာ အတော်လေးတောင် ကြာသွားပါပြီ။ Exam အတွက်ရော English Skills & Systems တွေကိုပါ သီးသန့် မလုပ်ဘဲ ပစ်ထားလိုက်တာကြောင့်ပါ။ ကိုယ်နေတဲ့ နေရာမှာ အင်္ဂလိပ်အရည်အသွေးက "While residing at the Jetavana monastery..." လောက် ရရင် တစ်သက်တာလုံး ဒူးနန့် ထိုင်စားရတဲ့သဘော ရှိတယ်ဆိုတာ သိလိုက်ရတာကြောင့် ကြောင့်ကြစိုက်တဲ့ စိတ် မထားတော့တာကြောင့်ပါ။ ကဲပါလေ၊ ဝေဒနာတွေကို ထားလိုက်ပါတော့။ 2022-05-25 မှာ Speaking ဖြေရပါတယ်။ မနေ့(2022-05-28)တုန်းကတော့ ကျန်တဲ့ Listening, Reading, Writing တွေကို ဖြေရပါတယ်။ ၂ ပတ်တာအတွင်းမှာ အပြင်းအထန် ရုန်းကန်ပြီး ဖြေလိုက်ရတာကြောင့် ရလဒ်ကတော့ သိပ်ကောင်းမယ်လို့ မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျောင်းဘက်က တောင်းဆိုတဲ့ Overall 6.0, Subskills 5.5 စီလောက်ကတော့ ရမယ်လို့ ယုံကြည်ထားပါတယ်။
.
.
Ibis Styles Hotel Mandalay (၃၅ လမ်း၊ ၅၄-၅၅ လမ်း)မှာ ဖြေရတာပါ။ အခန်းကို မရောက်ခင်ကတည်းက အပူချိန် တိုင်းပါတယ်။ ဖြေတဲ့အခါမှာလည်း နှာခေါင်းစည်းကို တစ်ချိန်လုံး တပ်ထားရပါတယ်။ ကိုယ့် Candidate No က 001199 ပါ။ အားလုံး ဖြေတဲ့သူ ၁၅၀ လောက်တောင် ရှိမယ်ထင်ပါတယ်။ ပျက်တဲ့သူတွေလည်း ရှိပါတယ်။ Speaking အတွက်ကတော့ ကိုယ်တိုင်ပဲ 9:10AM မှာ ရွေးထားတာ။ အဲဒီတော့ Ibis ကို 8:40AM အရောက်သွားခဲ့ပါတယ်။ ကွန်ပျူတာ ၂ လုံးပဲ စီစဉ်ထားနိုင်တာကြောင့် ထင်ရဲ့။ တစ်ချိန်တစ်ချိန်မှာ ၂ ဦးစီပဲ ဖြေရပါတယ်။ ကိုယ့်အခန်းနဲ့ကိုယ်ပါ။ တခြား Cambridge CEFR Exam တွေလို Partner နဲ့ တွဲပြီး ဖြေရတာ မဟုတ်ပါဘူး။ Examiner နဲ့ ကိုယ်နဲ့ ၂ ယောက်တည်းပါ။ ဒီဟာကတော့ Online Test ဆိုပါတော့။ ကျန်တဲ့ LRW တွေကိုတော့ အစဉ်အတိုင်းပဲ 9:00 မှာ စ ဖြေရပြီး 12:40 လောက်မှ ပြီးပါတယ်။ ပုံမှန်ဆိုရင် Listening 40 minutes ခန့်, Reading 1 hour & Writing 1 hour ဖြစ်ပေမဲ့ ဖြေတဲ့သူ များတာကြောင့်၊ ကြားထဲမှာ ညွှန်ကြားချက်တွေ ပြောနေတာကြောင့်၊ အကုန် ဖြေပြီးတဲ့အခါကျမှ အဖြေလွှာ အားလုံး ပြည့်/မပြည့် စသည် စိစစ်နေရတာတွေကြောင့် အချိန်ကြာတာ ဖြစ်လောက်ပါတယ်။ မနက်ခင်း 8:30 လောက် အရောက်သွားလိုက်တာပါ။ သူက 8:45 ရဲ့ နောက်ပိုင်းကျမှ ရောက်ရင် အဝင် ခံချင်မှတောင် ခံတော့မှာ။ စာရင်းသွင်းရသေးတာကိုး။ ဒါပေမဲ့ Computer နဲ့ပဲ လုပ်သွားတာမို့ ခဏပါပဲ။ အထဲကို မှတ်ပုံတင်/ပတ်စပို့စ်၊ မျက်မှန်နဲ့ ရေဗူးကလွဲပြီး ဘာမှ ယူလို့ မရပါဘူး။ ရေဗူးဆိုရင်လည်း ထွင်းဖောက်မြင်ရတဲ့ အကြည်ပုလင်းမျိုးပဲ ရပါတယ်။ ပလက်စတစ်တံဆိပ်တွေ ဖြုတ်ထားရပါတယ်။ ခဲတံ၊ ခဲဖျက်တွေကိုတော့ သူတို့ကပဲ ချပေးထားပါတယ်။ သတိထားဖို့ကတော့ သူတို့ ညွှန်ကြားတာတွေ သေချာ နားထောင်ဖို့ပါပဲ။ သူတို့က မရေးခိုင်းသေးရင် ဘာမှ မရေးပါနဲ့။ ရေးခိုင်းမှ ရေးပါ။ တချို့က ညွှန်ကြားချက် မလာသေးခင် Candidate Name & No တွေကို စ ရေးတာ တွေ့တော့ မရေးဖို့ သတိပေးပါတယ်။ မေးခွန်းကိုလည်း ရောက်တာနဲ့ လှန်ကြည့်လို့ မရပါဘူး။ လှန်လို့ ပြောမှ လှန်ရပါတယ်။ နောက်ထပ် သတိထားဖို့ကတော့ နာမည်သီးသန့်ကိုပဲ ရေးရပါတယ်။ သူတို့ ခုံနံပါတ် ကပ်ထားတဲ့အတိုင်း ရေးရတာပါ။ Mr, Ms စတာတွေ ပါစရာ မလိုပါဘူး။ ကိုယ်ဆိုရင် ပထမ Listening စစ်တုန်းမှာ VEN. လို့ နာမည်မှာ ထည့်ရေးထားလို့ ဖျက်ခိုင်းပါတယ်။ ကိုယ့်နာမည်သီးသန့် SIRINDA ကိုပဲ ရေးရပါတယ်။
.
.
စာမေးပွဲတွေမှာ Exam pressure ကိစ္စက အခုလို စာမေးပွဲတွေမှာ အတော်လေး အရေးပါတယ်လို့ ထင်ရပါတယ်။ ပြီးတော့ သတ်မှတ်ချိန်ကလည်း အများကြီး စကားပြောပါတယ်။ စိတ်ကို ပူပန်စေတယ်လို့ ဆိုပါတော့။ မူရင်းစာမေးပွဲက အချိန် သတ်မှတ်ချက်အတိုင်း သတ်မှတ်ပြီး LRW တွေကို ကိုယ့်ဘာသာကိုယ် ဖြေခဲ့တုန်းက အတော်လေး အဆင်ပြေပါတယ်။ အချိန်တို အတွင်းမို့ Cambridge 15 ထဲက Test 4 ခုပဲ စမ်းသပ် ဖြေဖြစ်ခဲ့တာပါ။ အကောင်းဆုံး မဟုတ်တောင် အတော်လေး ပြင်ဆင်မိတယ်ဆိုပါတော့။ ဒါပေမဲ့ စာမေးပွဲအတွင်းမှာကျတော့ အချိန်မီ ပြီးပါ့မလား၊ အခု ဘယ်အချိန် ရောက်သွားပြီလဲ-စတဲ့ အတွေးတွေက အနှောင့်အယှက် ပေးလွန်းပါတယ်။ နာရီ ကြည့်ကြည့်နေရတာကလည်း အာရုံ ပျက်တာ အမှန်ပါ။
.
.
ရတဲ့ အချိန် ၂ ပတ်တာအတွင်းမှာ အချိန် အတော်များများကို Speaking အတွက်ပဲ လုပ်ဖြစ်သွားပါတယ်။ ဒါတောင် မေးခွန်းဟောင်းထဲက Speaking Test 6 ခုကိုပဲ ပြင်ဆင်ဖို့ အချိန်ရခဲ့တာပါ။ Speaking Part 1, 2 & 3 အတွက် အသေးစိတ် ပြင်ဆင်ခဲ့တာပါ။ ဒါ့ကြောင့် စာမေးပွဲအစစ်လို အချိန်သတ်မှတ်ချက်နဲ့ မလုပ်နိုင်ခဲ့ပါဘူး။ အသေးစိတ် ပြင်ဆင်တာမို့ အဲဒီလို လုပ်လို့လည်း မဖြစ်ပါဘူး။ အမှန်က စာမေးပွဲအစစ်လို သတ်မှတ်ချက်တွေနဲ့ လုပ်မှ အဆင်ပြေတာပါ။ တကယ် ဖြေတဲ့အခါမှာတော့ အဆင်ပြေတာ တွေ့ရပါတယ်။ ဆရာကြီးတစ်ယောက်က စစ်တာပါ။ Speaking Exam Lucky ကောင်းတယ်လို့ ဆိုရမှာပါ။ Part 2 မှာ Concentration နဲ့ ပတ်သက်တာ မေးပါတယ်။ အများစု ကောင်းကောင်း ဖြေနိုင်/ပြောနိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ။ ကိုယ့်ဘက်က အထင်အမြင်ပေါ့လေ။ တကယ့် စွမ်းရည်ကတော့ အဖြေထွက်လာမှပဲ သိမှာပါ။ Part 2 ဖြေပြီးတဲ့အခါ ကိုယ်က ခဲတံကို အောက် မချဘဲ ဆက်ကိုင်ထားတာကြောင့် အောက်ချထားဖို့လည်း ဆရာကြီးက သတိပေးပါသေးတယ်။ ဖြေတဲ့အခါ လက် ၂ ဘက်စလုံးကို စားပွဲပေါ်တင်ပြီး ဖြေရပါတယ်။ နှာခေါင်းစည်းလည်း တပ်ရပါတယ်။ ကိုယ့်မှာတော့ အဲဒီနှာခေါင်းစည်းက တစ်ချိန်လုံး အောက်ကို လျှောကျနေတာကြောင့် ခဏခဏ ဆွဲတင်နေရတာနဲ့တင် စိတ်က မဖြောင့်ပါဘူး။ နောက် ဖြေမဲ့သူတွေ သတိထားသင့်တဲ့ ကိစ္စတစ်ခုပါ။ လျှော မကျလောက်တဲ့ နှာခေါင်းစည်း တပ်ချင်တပ်၊ ဒါမှမဟုတ် လျှောကျလည်း ဒီတိုင်းသာ ထားလိုက်ဖို့ပါ။
.
.
ကိုယ့်ဘာသာလုပ်တုန်းက အဆင်မပြေတဲ့ Listening က ဟိုမှာ အတော်လေး အဆင်ပြေနေတာ တွေ့ပါတယ်။ Extensive Listening လုပ်တုန်းက Speeding (=Speed listening ကို 1.5x နဲ့ အများဆုံး လေ့ကျင့်ဖြစ်) လုပ်တာက အတော်လေး အကျိုးရှိတယ်ဆိုတာ တွေ့ရပါတယ်။ Listening Part 2 နဲ့ Part 3 မှာ အမြဲတမ်းလိုလို ပါလေ့ရှိတဲ့ MCQ (Multiple Choice Question) တွေက ခက်ခဲတဲ့အထဲမှာ ပါပါတယ်။ သူတို့ကိုလည်း အကုန်မဟုတ်တောင် အထိုက်အလျောက် ဖြေနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီမှာ ဖြေကြည့်တုန်းက အဲဒီ MCQ တွေက ခက်ခဲတယ်ဆိုတာ တွေ့ရလို့ သက်ဆိုင်ရာ သင်ခန်းစာတွေကို Udemy, Magoosh, Liz, Simon တို့မှာ ရှာကြည့်ပါသေးတယ်။ ဒါပေမဲ့ အချိန် နည်းနေတာကြောင့် သိပ် ကောင်းကောင်း မလေ့ကျင့်ခဲ့ရပါဘူး။ မေးခွန်းတစ်ခု သိသိသာသာ လွတ်သွားတာကိုလည်း ထည့်ပြောရပါဦးမယ်။ Part 3 အဆုံးမှာ မေးခွန်းတစ်ခုက Table ရဲ့ နောက်ဆုံးမှာ ရောက်နေတော့ မမြင်မိလိုက်ပါဘူး။ ပြီးပြီးမှတ်လို့ Part 4 ဘက်ကို ကူးလိုက်တော့ လွတ်သွားတာပါ။ အတော်လေး သတိထားရမဲ့ အချက်ပါ။ အဲဒါမျိုး မလွတ်ဖို့ နဂိုကတည်းက သေသေချာချာ စိစစ်ဖို့ စိတ်ပိုင်းဖြတ်ထားပေမဲ့ ဖြစ်မိအောင် ဖြစ်သွားပါသေးတယ်။
.
.
Reading ဖြေတဲ့အခါမှာတော့ အတော်လေး အဆင်မပြေ ဖြစ်ရပါတယ်။ First passge ရဲ့ Font face & size က တွေ့နေကျ မဟုတ်တော့ စိတ်ထဲ တစ်မျိုးကြီး ဖြစ်သွားတာကြောင့်လည်း ပါမယ် (ကိုယ့်ဘာသာ ပေးတဲ့ ဆင်ခြေ?)။ ပြီးတော့ မေးခွန်းတွေ ကိုယ်တိုင်က ခက်ချင်လည်း ခက်နေနိုင်ပါတယ်။ ကျန်တဲ့ Passge တွေကတော့ ပုံမှန် အပြင်အဆင်ပါပဲ။ ဒီ Reading ကတော့ အမှတ် အနည်းဆုံးပဲ ရမယ်လို့ ထင်ထားပါတယ်။ ကိုယ့်ဘာသာ စမ်း ဖြေတုန်းက Reading မှာ အမှတ် အများဆုံး ရလေ့ရှိတာကြောင့် အတော်လေး ယုံကြည်စိတ်တွေ ရှိနေခဲ့တာ။ 26, 27 ရက်တွေမှာ စမ်းဖြေတုန်းကဆို 8.0 ထိ ရတော့ ကိုယ့်ဟာကိုယ်တောင် အံ့ဩနေမိတာပါ။ တကယ့် စာမေးပွဲခန်းထဲမှာ Reading ဖြေတော့ ဖြေနေရတယ်လို့ကို စိတ်က မထင်ပါဘူး။ ဖြေနိုင်အောင် မေးထားတဲ့ မေးခွန်းလို့ကို မထင်မိဘူး။ ဖြေရတာ ပျော်ကို မပျော်ဘူး။ ကုန်ကုန်ပြောရရင် First passge ထဲက ရိုးရိုး ကွက်လပ်ဖြည့်လေးတွေတောင် အကုန် မှန်အောင် မဖြေနိုင်ခဲ့လောက်ပါဘူး။ လုံးဝနီးပါး အဖြေ မရှာနိုင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ တကယ့် လက်တွေ့နဲ့ အစစ်အမှန်မှာ ဘာတွေများ ကွာခြားသွားလွန်းတယ်လို့ မပြောတတ်တော့ပါဘူး။ အတော်လေးလည်း စိတ်ပျက်သွားမိတာ အမှန်ပါ။ (ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ဖြေခဲ့တဲ့ ဦးဇင်းတစ်ပါးလည်း အဲဒီလို အဖြစ်မျိုး ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။)
.
.
Writing ပိုင်းကတော့ မေးတာတွေက အခက်အခဲတွေ မဟုတ်ပါဘူး။ Task 1 မှာ ရိုးရှင်းတဲ့ Bar chart လေးပါပဲ။ ရိုးရှင်းပေမဲ့ ကိုယ်ကတော့ Task 1 မှာ နှိုင်းယှဉ်တာမျိုးတွေ နည်းများ နည်းသွားသလားဆိုတာတော့ ပြန် တွေးမိပါတယ်။ မများလွန်းတာပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ Task 2 မှာတော့ "ကုမ္ပဏီကောင်း ဖြစ်ဖို့ အသင်းအဖွဲ့စိတ်က အရေးကြီးတယ်လို့ တချို့က ဆိုပါတယ်။ တချို့ကတော့ ခေါင်းဆောင်က ပို အရေးကြီးတယ်လို့ ပြောကြပါတယ်။ ၂ ဘက်စလုံးရဲ့ အမြင်တွေကို ဆွေးနွေးပြပြီး ကိုယ်ပိုင်အမြင်ကိုလည်း တင်ပြပါ"တဲ့။ ဒီ Task 2 ကို ကောင်းကောင်း ဖြေနိုင်ပါတယ်။ အချိန်လည်း နည်းနည်း ပိုရပါတယ်။ ဒီမှာ ကိုယ့်ဘာသာ လေ့ကျင့်တုန်းကလည်း အဲဒီလိုပါပဲ။ Planning ပိုင်းကို စနစ်တကျ လုပ်လိုက်ရင် ရေးရတာ အဆင်ပြေပါတယ်။ ဗုဒ္ဓနဲ့ သံဃအဖွဲ့အစည်းအကြောင်းတွေကို နမူနာအဖြစ် ပြပြီး ရေးခဲ့ပါတယ်။
.
.
အကုန်လုံး ခြုံကြည့်လိုက်တော့ Listening, Writing, Speaking တွေက အခြေအနေ ပိုကောင်းပြီး Reading ကတော့ မျှော်မှန်း မရတဲ့ အနေအထားပါပဲ။ ကျောင်းဘက်က တောင်းထားတဲ့ Overall 6.0, Subskills 5.5 တော့ ရပါစေလို့ ဆုတောင်းနေရပါတယ်။ တကယ်ကျတော့ သူတို့ တောင်းတာက B2 Level ပဲ ရှိသေးတာပါ။ စာနဲ့ ဝေးတာကြာရင် မေ့မေ့သွားတတ်တာ သတိထားစရာပါပဲ။
.
.
ဟောဒီအပိုင်းကတော့ IELTS ကို နဖူးတွေ့ဒူးတွေ့ ဖြေပြီးသွားပြီဆိုတော့ နောက်တစ်ခါ လုပ်ဖြစ်မယ်ဆိုရင် မှားခဲ့တာတွေကို ပြင်နိုင်အောင်လို့ ပြန်လည် သုံးသပ် သင်္ခန်းစာ ယူတဲ့ သဘောပါ။ Language Skills & System အပိုင်းနဲ့ Exam skills အပိုင်းဆိုပြီး ၂ ပိုင်း ခွဲ ပြောပါမယ်။ ပုဂ္ဂလိက အယူအဆတွေပါ။ (ပုဂ္ဂလိက အယူအဆတွေပါ။) အကုန်ုလုံး ခြုံကြည့်ရရင် Language Skills & Systems တွေ ကောင်းနေဖို့ကပဲ အဓိကပါ။ အမှန်က IELTS exam ဆိုတာ Test format တစ်မျိုးလောက်သာပါ။ မူရင်းဖြစ်တဲ့ ဘာသာစကားအရည်အသွေး ကောင်းနေရင် ပြင်ဆင်ချိန် အနည်းငယ်လောက်ပဲ လိုအပ်မှာပါ။ အခု မဖြေခင် လေ့လာကတည်းက Listening နဲ့ Reading တို့ကို စစ်တဲ့အခါ အခက်အခဲမရှိ ဖြေနိုင်ပါတယ်။ အမှတ် ကောင်းတာ/မကောင်းတာကို ဆိုလိုတာ မဟုတ်ပါဘူး။ အမှတ်ကောင်းဖို့က မူရင်း ဘာသာစကားအရည်အသွေး ကောင်းနေမှပဲ ဖြစ်တာကြောင့်ပါ။ အမှန်က ဘယ်အချိန် ဖြေဖြေ အဲဒီလိုမျိုး ဖြစ်နေရမှာပါ။ အပူအပန် မရှိ။ 'ငါ့မှာရှိတာ ဒါ အကုန်ပဲ"ဆိုတဲ့ စိတ်နဲ့ ပေါ့ပေါ့ပါးပါး ဖြေနိုင်ပါတယ်။ ဒါပေမဲ့ Writing နဲ့ Speaking ကျတော့ အခက်အခဲ တွေ့ပါတယ်။ Writing က ၄ ရက်လောက် ပြန် လုပ်လိုက်တာနဲ့ နဂို လေ့လာထားတဲ့ စနစ်လေးတွေကို ပြန်သတိရပြီး လမ်းကြောင်းပေါ် ပြန်ရောက်သွားပါတယ်။ သိပ် ပူစရာ မရှိတော့တဲ့ သဘောပါ။ Speaking ကျတော့ ကိုယ့်ရဲ့ အားအနည်းဆုံး၊ မလုပ်ဖြစ်ဆုံး နယ်ပယ်ဆိုတော့ အတော်လေး လေ့ကျင့်လိုက်ရပါတယ်။ ၂ ပတ်တာအတွင်းမှာ သူ့ကိုပဲ အချိန်များများ ပေးလိုက်တာပါ။ တကယ်ကျတော့ ပင်ပန်းလွန်းပါတယ်။ Writing လေ့လာခဲ့တုန်းကလို လုပ်ထားခဲ့ရင်၊ အလေ့အကျင့်တွေ များခဲ့ရင် Speaking အတွက် သိပ် ပူစရာ မလိုတော့ပါဘူး။ ချုပ်ကြည့်လိုက်ရင် ဘာသာစကားအရည်အသွေး ကောင်းနေဖို့က နံပါတ် ၁ အရေးကြီးတဲ့အချက်ဆိုတာကို ထပ် ပြောလိုပါတယ်။
.
.
ဘာသာစကားအရည်အသွေး တစ်ဆင့်ထက်တစ်ဆင့် မြင့်ဖို့အတွက် အရေးကြီးတာက Lexical resource or Vocabulary တွေ ကောင်းနေဖို့က အတော်လေး အရေးကြီးပါတယ်။ Grammar & Usage ကိုလည်း မြင့်နိုင်သမျှ မြင့်အောင် လုပ်ရမှာပါပဲ။ Speaking & Writing စစ်ဆေးတဲ့ Criteria တွေကို လေ့လာကြည့်ရင် ဘာတွေ လိုအပ်တယ်ဆိုတာ သိနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အမြင်အရ Lexis က ပိုပြီး အရေးကြီးတယ်လို့ ယူဆပါတယ်။ သူငယ်ချင်းတွေနဲ့ ပြောဖြစ်တော့လည်း ဒီအယူအဆကို သဘောတူကြတာ များပါတယ်။ ဖြည့်မယ်ဆိုရင် အရင်ဆုံး ဖြည့်ရမှာက ဒီ Lexis အပိုင်းလို့ ပြောချင်ပါတယ်။ ဒါပေမဲ့ ဒီ Lexis & Grammar ၂ မျိုးလုံးကို သင်ယူတဲ့အခါ Receptive skill အနေနဲ့သာမက Productive skill အနေနဲ့ပါ သုံးနိုင်တဲ့အဆင့်ထိ ရောက်အောင် မွေးမြူဖို့ လိုအပ်ပါတယ်။ ရေးနေ၊ ပြောနေမှလည်း ဒါတွေက ကိုယ်ပိုင်ဖြစ်လာမှာပါ။ ခဏခဏ ရေးနေ၊ ပြောနေရမှာပါ။ ဒီအတွက် အဆင့်မြင့်တဲ့ Vocab & Grammar စာအုပ်တွေ၊ Online course တွေ၊ Website တွေ ရှိပါတယ်။ ရှာဖွေ ကြည့်ပြီး ကိုယ်နဲ့ ကိုက်မယ်ထင်တာလေးတွေကို ယူသုံးဖို့ပါ။ Resource တွေက အများကြီးမို့ ဘယ်ဟာက ကောင်းတယ်ဆိုတာမျိုး မပြောလိုပါဘူး။ သူ့ဟာနဲ့သူ ကောင်းတာတွေချည်းပါပဲ။ Topic အလိုက် တင်ပြထားတာတွေ ရနိုင်ရင် အဆင်အပြေဆုံးပါ။ ကိုယ့်အနေနဲ့ကတော့
1. Check your English vocabulary for IELTS (3rd edition) by Rawdon Wyatt ထဲက နောက်ပိုင်း Topic 20 ကိုပဲ အဓိက လေ့လာခဲ့ပါတယ်။ နဂိုက လေ့လာဖူးထားလို့ပါ။
2. IELTS Band 9 Vocab Secrets by Jessica Alperne & Peter Swires ကိုတော့ ဒီ ၂ ပတ်တာအတွင်းမှာပဲ အထိုက်အလျောက် ကြည့်ဖြစ်ခဲ့ပါတယ်။ သူကတော့ Topic 10 ခု ခွဲပြီး Writing & Speaking အတွက် ဦးတည်ထားတဲ့ သဘောပါ။ တကယ်က စာအုပ် သေးသေးလေးရယ်ပါ။
3. Cambridge Vocabulary in USE (Advanced) ကိုတော့ Listening လုပ်ဖြစ်ခဲ့တာ များပါတယ်။ တချို့ Topic တွေကိုတော့ အနည်းအကျဉ်း ကြည့်ဖြစ်ရုံလောက်ပါ။ တကယ်က ဒီစာအုပ်ကို ကြေကြေညက်ညက် လေ့လာ သုံးစွဲနိုင်အောင် လုပ်သင့်ပါတယ်။
4. Grammar ကတော့ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း အဆင်မြင့်တဲ့ အသုံးအနှုန်းလေးတွေ ပြန်ကြည့်ရုံလောက်ပါ။ ရတာ မရတာ အပထား၊ Grammar ကြီးပဲ လေ့လာနေရတာ မောလှပါပြီ။ အဲဒါတွေက Lexis & Grammar အပိုင်း။
.
.
Listening ကောင်းအောင်ကတော့ ဒီဘလော့ဂ်ထဲမှာပဲ ကိုယ် လေ့ကျင့်တဲ့နည်းကို ရေးထားပါတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်ပေးပါ။ အထူးသဖြင့် Speeding (=Speed listening) ကို လေ့ကျင့်ပေးဖို့ တိုက်တွန်းလိုပါတယ်။ တကယ်လည်း ကောင်းကျိုးရမယ်လို့ ယုံကြည်ပါတယ်။ သူငယ်ချင်းတစ်ယောက်ကို ပြောကြည့်တော့လည်း အဆင်ပြေကြောင်း၊ နဂိုကဆိုရင် နား မထောင်မိလိုက်တာတွေက များကြောင်း၊ အခုတော့ နားလည်တာ မလည်တာ အပထား၊ ပြောသွားတဲ့ စကားလုံးတိုင်းကို နားထောင်မိလိုက်ကြောင်း အားတက်သရော ပြောပါတယ်။ Resource ကလည်း အများကြီးပါ။ ကိုယ်ကတော့ အရင်တုန်းကတည်းက လုပ်ဖူးထားတာတွေပဲ ပြန်လုပ်ဖြစ်ပါတယ်။
1. Cambridge Official Guide to IELTS
2. Mindset level 2 & 3
3. Ted Talks မှာတော့ Keynote series ထဲက ညွှန်းတာတွေကို ပိုကြည့်ဖြစ်ပါတယ်။ တခြား Talk တွေကိုတော့ စိတ်ဝင်စားတဲ့ဟာတွေပဲ ရွေး နားထောင်ဖြစ်ပါတယ်။
4. Cambridge IELTS (7-16) ထဲက ဖြေဆိုပြီးသား တချို့အပိုင်းတွေ။
.
.
Reading အတွက် သီးသန့် သေသေချာချာ ဖတ်ဖြစ်တာ မရှိပါဘူး။ အရင်တုန်းက လုပ်ဖြစ်တာတွေပဲ ရှိခဲ့တာပါ။ Extensive reading အဖြစ် Guardian website, Science daily, BBC စသည်ဖြင့် ကြုံသလို ဖတ်ဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေကတော့ အပျင်းပြေ ဖတ်ဖြစ်ပါတယ်။ ပြန် လုပ်ဖြစ်မယ်ဆိုရင်တော့ Academic writing style ကောင်းကောင်းနဲ့ ရေးသားတင်ပြထားတဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေကို ပို ဖတ်ဖြစ်ဖို့ စိတ်ကူးထားပါတယ်။ အလွယ်ကူဆုံး ဥပမာပြရရင် IELTS Reading passage တွေပါ။ Cambridge Official Guide to IELTS တစ်အုပ်တည်း ဆိုရင်တောင် ဖတ်စရာတွေ အများကြီး ပါပါတယ်။ Cambridge IELTS (7-16) တွေထဲမှာလည်း အများကြီးပါပဲ။ စာမေးပွဲမှာ ဖြေသလို မဟုတ်ဘဲ သိချင်စိတ်နဲ့ ဖတ်တဲ့ ဖတ်နည်းမျိုးနဲ့ ဖြည်းဖြည်းချင်း အရသာခံ ဖတ်ကြည့်ဖို့ စိတ်ကူးမိပါတယ်။ ဘာဖြစ်လို့ ဒါတွေကိုပဲ သီးသန့် ညွှန်းရတာလည်းဆိုတော့ သူငယ်ချင်းတွေနဲ့ ပြောကြည့်တဲ့အခါ စာမေးပွဲမှာ မေးတာတွေက တကယ့် Academic authentic article တွေကို မေးတာမို့ သူတို့နဲ့ ရင်းနှီးနေချင်လို့ပါ။ ဒါတင်မက Academic writing ကိုလည်း ကိုယ့်ဘာသာ ခွဲခြမ်းစိတ်ဖြာ လေ့လာလို့ ရနိင်တာကြောင့်ပါ။
.
.
Writing မှာတော့ Task 1 က ကိုယ့်အတွက် ပို ခက်ပါတယ်။ စာရင်းဇယားတွေအကြောင်း တင်ပြတာတွေကို English လို ဖတ်ဖူးဖို့ အသာထား၊ မြန်မာလိုတောင် မဖတ်ဖူးတာက ပို ဒုက္ခပေးတာ ထင်ပါတယ်။ မြန်မာ့စာပေမှာကို အတွေ့ရ နည်းလွန်းတော့ အခက်အခဲဖြစ်တာ မဆန်းတော့ မဆန်းပါဘူး။ တချို့ကတော့ Task 1 မှာက ရေးစရာ အကြောင်းအရာတွေကို ပြပေးထားတာမို့ 'မကြောက်ဘူး'လို့ ပြောကြတဲ့သူကိုလည်း တွေ့ဖူးပါတယ်။ တစ်ဦးနဲ့တစ်ဦး မတူနိုင်တဲ့ အချက်တွေပေါ့လေ။ Task 2 က ကိုယ့်အတွက် ပြဿနာ သိပ် မရှိပါဘူး။ စာတွေ အတော်အသင့် ဖတ်ထားမယ်ဆိုရင်၊ ကိုယ်ပိုင်လည်း တွေးတောဆင်ခြင်ထားတာတွေ ရှိမယ်ဆိုရင်၊ စာဖွဲ့ပညာ(Academic writing)သဘောတွေကိုလည်း အထိုက်အလျောက် လေ့လာထားမယ်ဆိုရင်၊ စနစ်တကျ ရေးလေ့ရေးထလည်း နည်းနည်းပါးပါး ရှိထားမယ်ဆိုရင် ဒီအပိုင်းက မခက်ခဲနိုင်ပါဘူး။ ကိုယ်ကတော့
Task 1 ပိုင်းမှာ Simon ရဲ့ နမူနာတွေကို ကူးရေးရင်း၊ ဖတ်ရင်း အတော်များများ လေ့ကျင့်ဖူးပါတယ်။ ဒါတင်မက Cambridge IELTS (7-16) ထဲကလည်း 6.5 နဲ့ အထက် ရတဲ့ နမူနာတွေကို ကူးရေး၊ တုပရေးတာတွေ လုပ်ဖူးပါတယ်။ ကျန်တာကတော့ Test တွေ ဖြေရင်း ပြန်တိုက်၊ လေ့ကျင့်တာတွေ လုပ်တာပါ။ ရေးနည်းစနစ်ကိုတော့ Udemy ထဲက Keino Campbell, Esq. ရဲ့ စနစ်ကို ယူတာ များပါတယ်။ (ကိုယ်ပိုင်နည်းကို နောက်မှာ မိတ်ဆက်ပါဦးမယ်။ :D :D )
Task 2 အတွက်လည်း Udemy ထဲက Keino Campbell, Esq. ရဲ့ နည်းစနစ်ကို အဓိက ထားပါတယ်။ Simon ရဲ့ စာတွေကို စုဆောင်းထားတဲ့ နမူနာတွေကိုလည်း ကူးရေးရင်း၊ ဖတ်ရင်း လေ့ကျင့်ဖူးပါတယ်။ Test တွေ ဖြေရင်း ပြန်တိုက်၊ လေ့ကျင့်တာတွေလည်း အတော်များများ လုပ်ဖြစ်ခဲ့ပါတယ်။ Task 1 & 2 ၂ မျိုးလုံးမှာ Planning အတွက် အထိုက်အလျောက် အချိန်ပေးဖို့လိုအပ်ကြောင်း Barron's ရဲ့ ညွှန်ကြားချက်ကိုလည်း အဓိက လိုက်နာပါတယ်။
Task 1 & 2 အတွက် ကိုယ်ပိုင်နည်းဆိုတာကတော့ Cambridge Official Guide to IELTS နဲ့ Cambridge IELTS (7-16) တို့ထဲက Examiner တွေ ရေးထားတဲ့ နမူနာတွေကိုပဲ "ဘယ်လို ရေးထားသလဲ၊ အကြောင်းအရာတွေကို ဘယ်လို တင်ပြပေးကြသလဲ၊ ဘာကြောင့် ဒါတွေက အဆင့်မြင့်နေတာလဲ"ဆိုပြီး စိစစ်လေ့လာတဲ့သဘောပါ။ Inductive reasoning/learning လို့ ဆိုရမလားပဲ။ ရေးထားတာတွေကို အခြေခံပြီး ကိုယ့်ဘာသာ သီအိုရီ ထုတ်ယူ၊ တုပတဲ့ နည်းပါ။ ဒီနည်းကို အတော်လေး သဘောကျပါတယ်။ ဆရာသမား သောင်းခြောက်ထောင်က ဘာတွေပဲ ပြောထားပြောထား အခု ပြောတာတွေက စံပြုနမူနာတွေ ဖြစ်နေတော့ ပိုပြီး ယုံကြည်မိတာ အမှန်ပါ။ ဥပမာ - Task 1 မှာ Overview ကို တချို့က ဒုတိယစာပိုဒ်မှာ ရေးကြပေမဲ့ ဆရာသမားတွေကတော့ အဆုံးမှာပဲ ရေးထားတာမျိုးတွေပါ။
.
.
Speaking ကတော့ ကိုယ့်အတွက် အခက်ခဲဆုံးပါ။ အလေ့အကျင့် မရှိ၊ ပတ်ဝန်းကလည်း နည်းတော့ ပါးစပ်က အလေ့အကျင့် နည်းလွန်းပါတယ်။ ဒါ့ကြောင့်လည်း အခုတစ်ခေါက်မှာ သူ့ကို အချိန်များများ ပေးလိုက်တာပါ။ အမှန်က ပုံမှန် ပြောဆို လေ့ကျင့်လို့ရမဲ့ ပတ်ဝန်းကျင်လေး ရှိနေရင် အဆင်ပြေမှာပါ။ မရှိရင်လည်း ကိုယ့်ဘာသာ ဖန်တီးယူသင့်ပါတယ်။ ဥပမာ -ငွေကြေး အဆင်ပြေရင် သင်တန်း တက်လိုက်တာမျိး၊ မတတ်နိုင်ရင် ဟိုတစ်ခါတုန်းက ပြောခဲ့ဖူးတဲ့ CELTA trainee တွေရဲ့ သင်တန်းကို တက်လိုက်တာမျိုး စသည်ဖြင့် အလေ့အကျင့် ရှိလေ ကောင်းလေပါ။ ဒါမှ မရရင်တော့ Cambridge Speak & Improve တို့နဲ့လည်း အများကြီး လုပ်လို့ ရပါတယ်။ IELTS Liz ရဲ့ လေ့ကျင့်နည်းအတိုင်း လေ့ကျင့်ရင်လည်း ဖြစ်ပါတယ်။ Internal motivation တော့ လိုအပ်တာပေါ့လေ။ အခုကျတော့ အချိန် နည်းတာဆိုတော့ အဆင်ပြေသလို လုပ်ရပါတယ်။ Keino Campbell, Esq. ရဲ့ လမ်းညွှန်ချက်အတိုင်း Part 3 မှာ စာအုပ်ထဲထိ ချရေး ပြင်ဆင်တာက ပိုကောင်းတယ်ဆိုတဲ့ အကြံကို လက်တွေ့ အကောင်အထည် ဖော်ဖြစ်သွားပါတယ်။ Part 3 မှာက Abstract idea တွေကို တင်ပြရတာမို့ စနစ်တကျ လုပ်ခိုင်း၊ မကောင်းရင် ပြင်ဆင် လေ့ကျင့်ခိုင်းတဲ့သဘောပါ။
1. IELTS speaking strategies by Rachel Mitchell ကို ပြန်ကြည့်ဖြစ်ပါတယ်။ နဂိုက လုပ်ဖူးတာလေး စာပြန်နွှေးတဲ့ သဘောပါ။ စာအုပ်ကို အကြိုက်ကြီးတော့ မဟုတ်ပါဘူး။
2. Magoosh's IELTS ရဲ့ သင်ပြချက်တွေကိုလည်း အများကြီး ယူဖြစ်ပါတယ်။
3. Udemy ထဲက Keino Campbell, Esq. ရဲ့ စနစ်တွေကိုလည်း သင်ယူခဲ့ဖူးပါတယ်။
4. Udemy ထဲက Keith O'Hare နဲ့ တခြား တခြား Course ၂ ခုလောက်က သင်ခန်းစာတွေကိုလည်း နဂိုတုန်းက အတော်လေး ကြည့်ဖြစ်ခဲ့ဖူးပါတယ်။ အခုတစ်ခေါက် သူတို့ကို မကြည့်ဖြစ်လိုက်ပါဘူး။
5. Simon ပြုစုထားတဲ့? Topic တွေကိုတော့ ဟိုတုန်းက တစ်နေ့ ၁၀ မျက်နှာလောက် အသံထွက် ဖတ်လေ့ရှိခဲ့ပါတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ ပါးစပ်လည်း လေ့ကျင့်ရင်း နားထဲလည်း ပို ရောက်အောင်လို့ပါ။ သူ့ Topic တွေက Writing task 2 အတွက်လည်း အများကြီး အထောက်အကူ ရပါတယ်။ စာမျက်နှာ ၅၀ လောက်ပဲ ရှိတာမို့ အနည်းဆုံး ၁၀ ခေါက်မက ပေါက်ဖူးတယ်လို့ ပြောရမှာပါ။ အခု ၂ ပတ်အတွင်းမှာတော့ ၃ ခေါက်လောက် ပြန် လေ့ကျင့်ဖြစ်ပါတယ်။
.
.
Exam skills အတွက် မူရင်း မကြည့်မဖြစ် လေ့လာခဲ့တာတွေက 1. Cambridge Official Guide to IELTS စာအုပ်ကြီးပါ။ အဲဒီထဲက အစပိုင်း စာမျက်နှာ ၂၀၀ လောက်အထိ အသေးစိတ် သင်ကြားထားချက် ပါတာတွေကို မဖြစ်မနေ လေ့လာခဲ့ပါတယ်။ နောက်ပိုင်း Test တွေကိုလည်း အချိန်ပေးပြီး ဖြေကြည့်ပါတယ်။ အဲဒါကြောင့်လည်း Test format ကို ထဲထဲဝင်ဝင် သဘောပေါက်သွားပါတယ်။ အဲဒါအပြင် 1. Keino Campbell, Esq. (Udemy) 2. Magoosh's IELTS (Website) 3. IELTSLiz (Website) 4. Simon 5. Barron တို့ရဲ့ အကြံပြုချက်တွေကို အားကိုးပါတယ်။ အသေးစိတ် ပြောလို့ မဖြစ်ပါဘူး။ အစစအရာရာ အားကိုးရတယ်လို့ပဲ ပြောရမှာပါ။ စုံလင်အောင် လေ့လာပြီး ကိုယ်နဲ့ အဆင်ပြေလောက်တယ်လို့ ထင်ရတဲ့ ညွှန်ကြားချက်တွေကို ယူတဲ့သဘောပါ။
.
.
ကိုယ့်အမြင် အကောင်းဆုံးလို့ ထင်တဲ့ လေ့ကျင့်နည်းကတော့ ကိုယ့်အနေအထားကို သိရအောင် Cambridge Official Guide to IELTS ထဲက နမူနာတွေကို အရင် လေ့လာပါ။ အချိန် များများ ပေးပြီး ဖြေကြည့်ပါ။ မေးခွန်းပုံစံတွေ၊ အချိန် သတ်မှတ်ချက်တွေ သိရအောင်လို့ပါ။ အဲဒီနောက် Cambridge IELTS (7-16) ထဲက တစ်အုပ်အုပ်ကို ယူပြီး မူရင်း သတ်မှတ်ထားတဲ့ အချိန်အတွင်း ဖြေကြည့်ပါ။ တစ်အုပ်တစ်အုပ်မှာ Test 4 စုံ ပါပါတယ်။ အဲဒီလောက်ဆို ကိုယ့်ရဲ့ Level ကို ခန့်မှန်းကြည့်ဖို့ လုံလောက်ပါပြီ။ အဖြေတွေနဲ့ တိုက်စစ်ကြည့်ပါ။ Writing & Speaking မှာတော့ စစ်ပေးမဲ့သူရှိရင် အကောင်းဆုံးပါ။ မရှိရင်တော့ ခန့်မှန်း Score လုပ်ရမှာပါ။ အခုလို လုပ်ပြီးတဲ့အခါ ကိုယ့် Level ကို မြှင့်တင်ပေးမဲ့ Resource တွေကို လေ့လာပါ (Books, Websites, Apps, Online/Offline courses, etc.)။ Test တွေကို စစ်ကြည့်ပြီး အမှားတွေ တွေ့လာရင် ဘာကြောင့် မှားသွားသလဲ၊ ဘာကြောင့် 0.5 လောက် ကျသွားသလဲ-စသည်ဖြင့် လေ့လာပါ။ အမှား ရှာပါ။ (အမှား ရှာပါ။) Review လုပ်ပါ။ အခုပြောတဲ့ Review လုပ်တာ၊ အမှားရှာတာမျိုးကို လူအများစု လုပ်လေ့ မရှိကြပါဘူး။ ဖြေပြီး ပြီးတာပဲဆိုပြီး ပစ်ထားလိုက်တာ များပါတယ်။ ဒါတင်မက ကိုယ့်ရဲ့ အမှားဆိုတဲ့ အနာကို ပြန် ကြည့်ရတာကလည်း စိတ် မချမ်းသာစရာပါ။ အဲဒါတွေ ဘေးဖယ်ထားပြီး ရှာဖြစ်အောင်သာ ရှာပါ။ ဒါမှ ဘယ်လိုဘယ်ပုံ လွတ်သွားတယ်ဆိုတာ မြင်လာပြီး နောက်ထပ် ထပ်တူအမှားမျိုး မမှားတော့အောင် ရှောင်နိုင်မှာပါ။ ကိုယ်တိုင်မှာလည်း -s ပါ/မပါ (Sing or Plu) တစ်ခုတည်းနဲ့လည်း တစ်မှတ် လျော့သွားတာမျိုး ကြုံဖူးပါတယ်။ 17 vs 70 မျိုးတွေကလည်း သီးသန့်သာ ခွဲခြားဖို့ လွယ်သယောင်ရှိပြီး တကယ့် စာမေးပွဲမှာ ဘယ်ဟာ ပြောသွားမှန်း မသိတာမျိုး ကြုံရတတ်ပါတယ်။ ပြီးတော့ ဘယ်မေးခွန်းမျိုးတွေက ပို ခက်ခဲတယ်ဆိုတာကို ရှာဖွေကြည့်ပါ။ အဲဒီ ခက်ခဲတဲ့ မေးခွန်းပုံစံတွေအတွက် လေ့လာတဲ့နည်းတွေကို Online course, Websites, Books တွေမှာ ရှာပါ။ ဥပမာ - Listening မှာ Multiple choice question (MCQ) တွေက ကိုယ့်အတွက် ပို ခက်ခဲတယ်ဆိုတာမျိး Writing Task 1 မှာဆိုရင် ပုံစံ ၂ မျိုး ရောပါနေတဲ့ Mix တွေက ဦးနှောက်ခြောက်အောင် လုပ်တယ်ဆိုတာမျိး၊ Reading မှာဆိုရင် တစ်ပုဒ်လုံးကို ဖတ်ပြီးမှ ဖြေလို့ ရနိုင်တဲ့ Summary Completion မေးခွန်းမျိုးတွေက ဆံပင် ဖြူအောင် လုပ်တတ်တာမျိုးတွေပါ။ အဖြေရှာဖို့ အလွယ်ကူဆုံးက IELTS Liz ရဲ့ Website လို့ ထင်တာပါပဲ။ ဘယ်သူမဆို အလွယ်တကူ ဝင်ကြည့်လို့ ရပါတယ်။ သင်ပြပေးတာတွေကလည်း စေတနာပါတာ တွေ့ရပါတယ်။ Simon ရဲ့ Website မှာလည်း ရှာကြည့်လို့ ရပါတယ်။ တခြား Teacher & Course တွေကနေလည်း အကြံဉာဏ် ယူရမှာပါ။ Writing & Speaking အတွက်ကတော့ လေ့ကျင့်နေဖို့ပါပဲ။ Exam format ပုံစံရအောင် လေ့ကျင့်သွားဖို့ပါ။ ဒါတင်မက ရေးထားပြီးသား၊ ပြောဆိုထားပြီးသားတွေကိုလည်း ပြန်ဖတ်၊ ပြန်နားထောင်ပြီး ပိုကောင်းအောင် ဘယ်လို ရေးမလဲ၊ ပြောမလဲဆိုတာ တွေးပါ။ ထပ်ရေး၊ ထပ်ပြောပါ။ အဆင့်မြင့်တဲ့ Lexis & Grammar တွေ မပါမဖြစ် ပါလာအောင် ထည့်ကြည့်ပါ။ နောက်ဆုံးပြောချင်တာကတော့ ကိုယ့်လို အနီးကပ် လုပ်တာမျိုး မလုပ်စေချင်ပါ။ ကိုယ့်လို Self-study အားကိုးတာကလည်း မကောင်းပါ။ လူ အတော့်ကို ပင်ပန်းပါတယ်။ မျက်စိတွေလည်း ပို မှုန်လာတယ်ထင်ရပါတယ်။ IELTS ပဲဖြစ်ဖြစ် TOEFL, PTE, Cambridge CEFR exam တွေပဲဖြစ်ဖြစ် ဖြေဖြစ်ဦးမယ်လို့ စိတ်ကူးထားရင် အချိန် ပေးပြီး တစ်နေ့ နည်းနည်းချင်းစီ လုပ်သွားပါ။ တစ်နေ့ တစ်နာရီလောက် ပေးနိုင်ရင်ကို တစ်နှစ်ဆိုရင် မနည်းလှပါဘူး။ အဲဒီလို့ 'မနှေး မှန်မှန်၊ ဖြည်းဖြည်း မြန်'တာကပဲ 'အကြံ အောင်ကြောင်း'လို့ 'မှတ်'ရမှာပါ။
.
.
တကယ်ကျတော့ IELTS ဆိုတာကတော့ Timing & Strategy ဆိုင်ရာ format တစ်ခုမို့ အချိန်တွေ တအား အများကြီး ပေးနေဖို့ မလိုအပ်ဘူးလို့ ယူဆပါတယ်။ အထိုက်အလျောက်တော့ အချိန် ပေးရမှာ မှန်ပေမဲ့ အမှန်တကယ် လိုအပ်တာက ဘာသာစကားစွမ်းရည် တစ်နေ့ထက်တစ်နေ့ တိုးတက်အောင် လုပ်နေဖို့ပါ။ အဆင်ပြေကြပါစေ။
Comments
Post a Comment