Skip to main content

Listening Skill တိုးတက်အောင် ဘယ်လို လေ့ကျင့်ကြမလဲ။

#A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+ #IELTS #Listening #Skills #Improve

မှတ်မိသလောက် ပြန်ပြောရရင် IELTS စာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးခဲ့တာက Listening Skill ဟာ တိုးတက်မှုအနှေးဆုံး Skill ပါတဲ့။ ဒီ Skill အတွက် လေ့ကျင့်မှုက ၂ ဆလောက် လိုပါသတဲ့။ ဥပမာ ပြောရရင် တခြား Skill တွေမှာ ၁၀ နာရီ လေ့ကျင့်လို့ Skill က ၂% တက်လာတယ်ဆိုရင် Listening Skill မှာကျတော့ ၁၀ နာရီလေ့ကျင့်ရင် Skill က ၁% ပဲ တက်လာတာပါတဲ့။ နာရီ ၂၀ လောက် လေ့ကျင့်မှ သူက ၂% တက်လာမှာပါတဲ့။ ဆိုလိုတာက လေ့ကျင့်မှု ပိုမို လိုအပ်တဲ့သဘောပါ။

လေ့ကျင့်နည်းတွေနဲ့ ပတ်သက်ပြီး ကိုယ့်စတိုင်နဲ့ကိုယ် အများကြီး ရှိလိမ့်မယ် ထင်ပါတယ်။ အခုဟာတွေက ကိုယ်တိုင် သုံးနေတဲ့ စနစ်တွေပါ။ သူများအတွက် အကျိုးရှိ/မရှိ မသေချာပေမဲ့ ကိုယ့်အတွက်တော့ အများကြီး အထောက်အကူ ရပါတယ်။ ဒါ့ကြောင့်လည်း ဖြန့်ဝေပေးတာပါ။

၁။ မျိုးစုံ နားထောင်ပါ။ မျိုးစုံဆိုတာက Level (အဆင့်) စုံဖို့၊ အကြောင်းအရာ (Content) စုံဖို့၊ Graded သာမက Authentic Material တွေပါ စုံဖို့ ပြောတာပါ။ တချို့က ကိုယ်က B2 Level ထဲ ရောက်နေပြီဆိုရင် B2 Level အသံဖိုင်တွေကိုပဲ နားထောင်လေ့ရှိပါတယ်။ တကယ်က B1, B2, C1 တွေထဲက အသံဖိုင်တွေကို နားထောင်နိုင်ရင် ပိုကောင်းပါတယ်။ ကိုယ်တိုင် သတိထားမိတာကတော့ ကိုယ်က Level အမြင့် ရောက်သွားပေမဲ့ Listening နဲ့ ပတ်သက်လာတဲ့အခါ Level အနိမ့်က အသံတွေကို တိတိကျကျ နားမလည်တာမျိုးတွေ ကြုံရတတ်တာပါ။ ကောက်ချက်ချရရင် - LSRW Skill အစုံအနေနဲ့ Level အမြင့် တစ်နေရာကို ရောက်သွားပေမဲ့ Listening Level က အဲဒီ Level အထိ မရောက်သေးတာပါ။ Content စုံဖို့ကတော့ အထူး ပြောစရာ မရှိပါဘူး။ Course Book တွေမှာ Content စုံလင်အောင် ထည့်ပေးထားပါတယ်။ Course Book အတော်များများဟာ Graded Material တွေကို သုံးပါတယ်။ Level နဲ့ ကိုက်ညီအောင် ပြုပြင်ထားတဲ့ဟာလို့ ပြောတာပါ။ ဒီတော့ English လောက အစစ်အမှန်နဲ့ မတွေ့ရသေးသလို ဖြစ်နေပါတယ်။ ဒါကြောင့် Authentic Material တွေနဲ့ပါ လေ့ကျင့်ဖို့ လိုပါတယ်။ ဒါမှသာ ပြင်ပမှာ ဒီလို ဒီလိုတွေ သုံးနေပါလား-လို့ ခံစားနိုင်မှာပါ။ Listening အတွက် Authentic Material တွေကို Ted Talk, Google Talk, Big Think, 99U စတဲ့ နေရာတွေမှာ ရနိုင်ပါတယ်။ တခြား အလားတူ နေရာတွေ အများကြီး ရှိပါသေးတယ်။ (စကားမစပ် ပြောရရင် Keynote Course Book Series ဟာ Ted Talk ထဲက အသံဖိုင်တွေကို အသုံးချထားတာပါ။ Ted Talk ရဲ့ ကောင်းတဲ့အချက်က ရုပ်သံဖိုင်တွေကို Video အဖြစ်ရော၊ Audio အဖြစ်ပါ Download ဆွဲခွင့် ပေးထားပါတယ်။ ဒီတော့ Offline အနေနဲ့ပါ နားထောင်နိုင်ပါတယ်။)

၂။ ခဏခဏ နားထောင်ပါ။ ဒါကလည်း အရေးကြီးတဲ့အချက်ထဲမှာ ပါပါတယ်။ ဆွေးနွေးဖူးသလောက် တချို့ ကျောင်းသူ/သားတွေ၊ ဆရာ/မတွေဟာ ခဏခဏ နားထောင်တဲ့ အလေ့အကျင့် မရှိပါဘူး။ တချို့ဆို ဒီလမ်းညွှန်ချက်ကို ကြားတဲ့အခါ အံ့ဩစရာလို့တောင် ထင်သွားကြပါတယ်။ အတော်များများက အသံဖိုင်တစ်ခုကို တစ်ခါတည်း နားထောင်ပြီးတာနဲ့ လုံလောက်သွားပြီလို့ ထင်ကြတာပါ။ တကယ်က မလုံလောက်ပါဘူး။ မလုံလောက်တဲ့အကြောင်းတွေ ရှိပါတယ်။ တကယ်က အသံကို နားထောင်တဲ့အခါ လုပ်ရတဲ့ စိတ်အလုပ်နဲ့ စာဖတ်တဲ့အခါ လုပ်ရတဲ့ စိတ်အလုပ်တွေက ယေဘုယျအားဖြင့် တူတယ်လို့ ပြောနိုင်ပါတယ်။ (အတိအကျ တူတယ်လို့ မပြောပါဘူးနော်။) စာဖတ်တဲ့အခါ စကားလုံးတွေ၊ စာကြောင်းတွေကို မျက်စိနဲ့ မြင်ရတော့ အဲဒီစကားလုံးတွေရဲ့ Definition ကို အလွယ်တကူ မှန်းဆနိုင်ပါတယ်။၊ စာကြောင်းတွေကိုလည်း မြင်နေရတဲ့အတွက် Grammar & Usage တွေကို မှန်းဆရတာ လွယ်ပါတယ်။ အသံဖိုင်ကို နားထောင်တဲ့အခါမှာလည်း အဲဒီ ၂ ခုကို မှန်းဆရတာ ဖြစ်ပါတယ်။ Vocab က ဘာတဲ့လဲ၊ Grammar & Usage က ဘယ်လို အနေအထားမှာရှိလဲ-လို့ နားနဲ့ စိစစ်ရတာ မလွယ်ပါဘူး။ ဒီတော့ တစ်ခေါက်တည်း နားထောင်ရုံနဲ့ မရပါဘူး။ အကြိမ်ကြိမ်အခါခါ နားထောင်မှ သဲသဲကွဲကွဲ သိလာနိုင်တာပါ။ စာဖတ်တဲ့အခါမှာတော့ မြင်နေရတာမို့ တစ်ခေါက်တည်း ဖတ်ပေမဲ့ နားလည်နိုင်စွမ်း ရှိပါတယ်။ နားထောင်တဲ့အခါကျတော့ အဲဒီလို မရပါဘူး။ ကိုယ်တိုင် ခဏခဏ ကြုံဖူးပါတယ်။ ဇာတ်လမ်းတွဲလေးတစ်ခုကို ကြည့်တုန်းကဆို ဇာတ်လမ်းကို သဘောကျလို့ ခဏခဏ ကြည့်ဖြစ်ပါတယ်။ ရှေ့ပိုင်း တစ်ခေါက်နှစ်ခေါက်လောက်တုန်းက ဇာတ်ကောင်တွေရဲ့ ပြောစကားကို သိပ် နားမလည်ပါဘူး။ ဒါပေမဲ့ ခဏခဏ ကြည့်မိလာတော့  ကိုယ်ကိုယ်တိုင် သတိမထားမိဘဲ သိလာတာက ဇာတ်ကောင်တွေ ပြောတဲ့ အသံတွေကို တစ်ကြိမ်ထက်တစ်ကြိမ် ပိုပိုပြီး နားလည်လာတာပါ။ ပြောရရင် အဲဒီဇာတ်လမ်းတွဲကို အနည်းဆုံး ၁၀ ကြိမ်လောက် ကြည့်ဖူးထားပါတယ်။ အခုလည်း အားတဲ့အခါ ကြည့်ဖြစ်ပါသေးတယ်။ :-) :-) ဒါပေမဲ့ တစ်ဆက်တည်း အချိန်ဖြုန်းတဲ့သဘော ကြည့်သွားတာမျိုး မဟုတ်ဘဲ အလုပ်တစ်ခုနဲ့ တစ်ခုကြား အားတဲ့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်တွေမှာ ကြည့်ကြည့်သွားတာပါ။ ဒါ့ကြောင့် ဇာတ်လမ်းတစ်ခုလုံး ပြီးစီးဖို့ ၁ လ ၂လလောက်  ကြာသွားတတ်ပါတယ်။

၃။ အရှိန်မြှင့်ပြီး နားထောင်ပါ။ ဒီနည်းလမ်းကို ကြားဖူးပေမဲ့ တိတိကျကျ ညွှန်းတာမျိုး မတွေ့ခဲ့ရဖူးပါဘူး။ Medium Website ထဲမှာ နည်းပညာသမားတစ်ယောက် ရေးထားတာကို ဖတ်မိမှ ဒီနည်းလမ်းကို ကွဲကွဲပြားပြား သိလာရတာပါ။ ဒီနည်းလမ်းကို သူကိုယ်တိုင်ပဲ "Speeding" လို့ အမည်ပေးထားပါတယ်။ IELTS သမားတွေဆို ပိုသိမှာပါ။ စာမေးပွဲမှာ အသံကို တစ်ကြိမ်ပဲ နားထောင်ရတာမို့ နားထောင်နိုင်စွမ်း မြင့်လေ ကိုယ့်အတွက် အဆင်ပြေလေပါ။ တစ်ခါတစ်ခါမှာ ကိုယ်က လေ့ကျင့်ထားတာတွေက Authentic တွေ မဟုတ်ဘဲ Graded Material တွေပဲ ဖြစ်နေတော့ အသံဖိုင်ရဲ့ Speed က နှေးနေတတ်ပါတယ်။ ဒီတော့ နားထောင်ရတာ လွယ်တယ်လို့ ထင်ရပါတယ်။ စာမေးပွဲမှာကျတော့ အဲဒီလို မရတော့ပါဘူး။ ဒီတော့ ကိုယ်က ကိုယ့်နားကိုယ်ကိုယ် လေ့ကျင့်ပေးထားဖို့ လိုပါတယ်။ လေ့ကျင့်ဖို့အတွက် Andriod မှာဆို AIMP Apk မျိုးတွေ ရှိဖို့လိုပါတယ်။ တခြား Apk တွေမှာလည်း Speed ချိန်လို့ ရတာတွေ ရှိမှာပါ။ ရှာကြည့်ပါ။ Ubuntu ကွန်ပျူတာမှာတော့ Audacious ဆိုရင် Speed Feature ပါပါတယ်။ အသံဖိုင်ရဲ့ မူရင်း Speed အနေအထားကို ကြည့်ပြီး 1.25x/1.50x/2.00x စသည်ဖြင့် မြှင့်ပေးပြီး နားထောင်ပါ။ အသံဖိုင်အတော်များများ 1.50x မြှင့်ပေးလိုက်ရင် အဆင်ပြေပါတယ်။ (အသံဖိုင်က Level မြင့်လွန်းလို့ နားမလည်ရင် 0.50x စသည်ဖြင့် နှိမ့်ပြီး နားထောင်လို့လည်း ရပါတယ်။) အသံဖိုင်တွေ နားထောင်တဲ့အခါ နံပါတ် ၂ တုန်းက ပြောခဲ့သလို စိတ်က Process တွေ အများကြီး လုပ်ရပါတယ်။ Vocab, Grammar & Usage တွေကို ခန့်မှန်းရတာတွေကို ပြောတာပါ။ အသံဖိုင်ကို Speed မြှင့်ပြီး နားထောင်တဲ့အခါ အဲဒီ Process တွေကို စိတ်က မြန်မြန် လုပ်ဆောင်ရပါတယ်။ အသံဖိုင်နဲ့ မီအောင် စိတ်ကို လေ့ကျင့်ပေးသွားတဲ့သဘောပါ။ ဒီနည်းနဲ့ လေ့ကျင့်သွားတဲ့အခါ တဖြည်းဖြည်းနဲ့ စိတ်ရဲ့ Process လုပ်တဲ့အပိုင်းက မြန်လာပါတယ်။ ဒီတော့ ပုံမှန် Speed နဲ့ နားထောင်တဲ့အခါ /စာမေးပွဲတွေဖြေတဲ့အခါ အများကြီး အထောက်အကူ ရပါတယ်။ ကိုယ်ကိုယ်တိုင် ကြုံဖူးတာကတော့ Official Cambridge Guide To IELTS ကို 2.00x မြှင့်၊ Kaplan IELTS (2016) ကို 1.25x/1.50x မြှင့်ပြီး ၅ ကြိမ်လောက် နားထောင်ပါတယ်။ တစ်ရက်တည်းတော့ မဟုတ်ဘူးပေါ့။ ပြီးမှ ပုံမှန် Speed 1.00x နဲ့ နားထောင်တဲ့အခါ "အသံဖိုင်တွေကလည်း နှေးလိုက်တာ"လို့ ခံစားလာရပါတယ်။ တကယ်က Kaplan 2016 Speed ဟာ ပုံမှန်က မနှေးပါဘူး။ သိလာရတာက ဒီနည်းဟာ လေ့ကျင့်ထိုက်တဲ့နည်းလမ်းတစ်ခု ဖြစ်တယ်-လို့ သိလာတာပါ။ လက်ရှိမှာလည်း လေ့ကျင့်နေဆဲပါ။

၄။ အချိန်နည်းရင် နည်းပါစေ၊ နေ့တိုင်းနေ့တိုင်း နားထောင်ပေးပါ။ နားထောင်လိုက် ပျက်သွားလိုက်က အဆင်မပြေပါဘူး။ ဘယ်ပညာရပ်မဆို တစ်နေ့တည်း ၂၄ နာရီ လေ့လာပြီး နောက်ထပ် ရက်ပေါင်း ၂၃ ရက် ပစ်ထားတာမျိုးက မကောင်းပါဘူး။ တစ်နေ့ ၁ နာရီနဲ့ ရက်ပေါင်း ၂၄ ရက် လေ့လာတာက ပို အဆင်ပြေပါသတဲ့။ အစာကို ကြေညက်ဖို့ အချိန်ပေးရသလို စာကိုလည်း ကြေညက်အောင် အချိန် ပေးရတဲ့ သဘောပါ။ တကယ်က ဒီလို နားထောင်ဖို့အတွက် သီးသန့် အချိန်ပေးဖို့ မလိုပါဘူး။ သန့်ရှင်းရေးလုပ်ရင်း၊ ကားစောင့်ရင်းနဲ့လည်း လေ့ကျင့်သွားနိုင်ပါတယ်။ ကိုယ်တို့ဆို မနက်ပိုင်းနဲ့ ညပိုင်းမှာ လမ်းလျှောက်ရင်း နားထောင်ပါတယ်။ ဒီတော့ လမ်းလျှောက်ရတာလည်း မပျင်း၊ နားထောင်ရတာလည်း သိပ် မပျင်းတော့ပါဘူး။ တစ်ခါတလေဆို ကိုယ်ကာယ ပင်ပန်းလို့ အနားယူတဲ့အခိုက်မှာ နားထောင်ပါတယ်။ ဆရာမတစ်ယောက်ဆိုရင် မနက်စာစားရင်း နားထောင်လေ့ရှိပါသတဲ့။ ဒီတော့ ကိုယ့်အတွက် အဆင်ပြေတဲ့နည်းကို သုံးပါ။ Listening Skill အောင်မြင်ဖို့အတွက်က နေ့တိုင်း နားထောင်ပေးနေဖို့ အရေးကြီးပါတယ်။ ကိုယ်တိုင် လေ့ကျင့်ဖူးတဲ့သူတွေ ကြုံဖူးကြမယ် ထင်ပါတယ်။ ၅ မိနစ် နားထောင်ရင် ၃ မိနစ်လောက်က စိတ်လွင့်နေတာနဲ့ ကြုံတာမျိုးပါ။ တကယ်လည်း ကြုံရပါတယ်။ ဒီတော့ Listening Skill မတက်တာ အံ့ဩစရာ သိပ် မရှိပါဘူး။ အခက်အခဲကို ကျော်လွှားဖို့ကလည်း "နားထောင်ရုံမှတပါး အခြား မရှိ"တော့ပါ။

၅။ သေသေချာချာ နားထောင်မိတဲ့အခါ Definition မသိတဲ့စကားလုံးတွေကို နားထောင်မိလာပါလိမ့်မယ်။ Awareness ဖြစ်လာတဲ့သဘောပါ။ အဲဒီအခါကျတော့ အဘိဓာန်ကို အားကိုးပါ။ စာဖတ်တာနဲ့ အတူတူပါပဲ။ မသိတဲ့ Vocab တွေ တွေ့လာတဲ့အခါ အဘိဓာန် လှန်ရတာပါပဲ။ ကိုယ်တိုင် သတိပြုမိလာတာကတော့ Definition မသိတဲ့ Vocab, Phrasal Verb & Idiom တွေကို သတိထားမိလာတာပါပဲ။ ဒါက Listening Skill နဲ့ တိုက်ရိုက် မသက်ဆိုင်ဘူးလို့ ထင်ရပေမဲ့ Level မြင့်လာတဲ့အခါ Vocab က အများကြီး စကားပြောလာတာမို့ ထည့် ပြောရတာပါ။

လက်တလော စိတ်ထဲမှာ ရှိတာကတော့ ဒါလောက်ပါပဲ။ စိတ်ဝင်စားရင် အသုံးချကြည့်ပါ။ လေ့ကျင့်ပြီး ၁ လ ကြာတဲ့အခါ၊ ၂ လ ကြာတဲ့အခါ ကိုယ့်ရဲ့ Listening Skill ကို စိစစ်ကြည့်ပါ။ အသုံးကျရင် ဆက်သုံးပါ။ အသုံးမကျရင် ဖယ်ထားခဲ့ပါ။ အဆင်ပြေကြပါစေ။


A batch 7th TESOLer
Mandalay TESOL Centre

Comments

Popular posts from this blog

US Jobless Rate Rises While Job Growth Slows (Business)

By VOA News https://www.voanews.com/usa/us-jobless-rate-rises-while-job-growth-slows #C2+ #IELTS #Reading #VOA #Business 1. Nonfarm (adj) relating to economic activities not associated with farming 2. Payroll (n) (A) a list of people employed by a company showing the amount of money to be paid to each of them We have 500 people on the payroll. Manufacturing payrolls have dropped by 16,000. (B) (usually singular) the total amount paid in wages by a company The firm is growing fast with a montly payroll of $1 million. They have an annual payroll of #23 million. 3. Modest (adj) not very large, expensive, important, etc. modest improvement/reforms He charged a relatively modest fee. a modest little house The research was carried out on a modest scale. The party made modest gains in teh elections, but nothing like the huge gains that were predicted. a modest increase in costs She had saved a modest amount of money. 4. Revise (v) to change sth because of new information or ideas The college ...

ကိုယ့်ရဲ့ English Level ကို ဘယ်လို စစ်ကြည့်မလဲ

#Level #Test #Study #IELTS #A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+ IELTS/TOEFL/TOEIC/Cambridge Exam/PTE တွေ ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ့် Level လောက် မမြင့်တဲ့ စာအုပ်တွေနဲ့ လေ့ကျင့်နေရင် သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး။ အမြင့်ကို ရောက်ချင်ရင် အထက်ကို တက်ရမှာပါ။ ဆိုတော့ အမှန်က ကိုယ့် Level နဲ့ ကိုက်ညီတဲ့၊ ကိုယ့် Level ထက် တစ်ဆင့်ပဲ ပိုမြင့်တဲ့ (ဥပမာ- ကိုယ်က B1 ဆိုရင် B1+ ဒါမှမဟုတ် B2) စာအုပ်တွေနဲ့ လေ့ကျင့်ဖို့ အတော်လေး အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ့်အရည်အသွေးက အဆင့် မြင့်လာမှာပါ။ ဒါကို သတိတရ ပြောရတာကတော့ တစ်ခါတုန်းက ဆရာမတစ်ဦးနဲ့ ကြုံဖူးပါတယ်။ သူ့ဆီက အကူအညီတောင်းစရာရှိလို့ စကားစပ်မိကြရင်း သူက သူ့ဆီမှာ ရှိတဲ့ IELTS စာအုပ်တွေကို ကိုယ်အသုံးကျရင် ယူဖို့ ပြောပါတယ်။ အဲဒီအချိန် သူရောကိုယ်ရော B1+ ဒါမှမဟုတ် B2 ထဲ ရောက်နေပါပြီ။ (အခုလည်း B2+ လောက်တော့ ရှိကောင်းပါသေးရဲ့။) ဒါပေမဲ့ သူ ပြတဲ့ စာအုပ်တွေက A2+ / B1 လောက်ပဲ ရှိနေပါတယ်။ သူက ဒါကို သတိမပြုမိပါဘူး။ ကိုယ်ပြောမှ သူလည်း သတိထားမိသွားတာပါ။ ကိုယ် မပြောမိရင် သူ့ခမျာ လွယ်တဲ့ စာအုပ်တွေနဲ့ပဲ "ငါ တယ်တော်နေပါလား"လို့ ထင်နေရှာမှာပါ။ ကဲ ...

ဘာသာစကားတစ်ခုကို သင်တဲ့အခါ ခြွင်းချက်ထားလို့ မရ။ အကုန် သင်ရမယ်။

TOEFL/IELTS/Cambridge Exams/PTE အစရှိတဲ့ ဘာသာစကား စာမေးပွဲတွေ ဖြေခဲ့သူတွေနဲ့ စကားပြောတဲ့အခါတိုင်း အထက်က စကားကို ကြားရလေ့ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းက သိပ်ပြီး သတိမထားမိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ဖြေပြီးတဲ့နောက်မှာ အဲဒီစကားက အတော်လေး မှန်တယ်ဆိုတာကို သိလာရပါတယ်။ ကိုယ်ပိုင် တွေ့ကြုံပြီးပြီဆိုတော့ နောက်လူတွေ ထပ် မမှားသင့်တဲ့ အမှားတွေဖြစ်လို့ ပြောပါရစေဦး။ ကိုယ်တိုင် အင်္ဂလိပ်စာတွေ သင်ယူတဲ့အခါမှာရော၊ ဆရာဖြစ်လို့ သင်ပေးတဲ့အခါမှာပါ တချို့ အကြောင်းအရာတွေကို မသိမသာရော၊ သိသိသာသာပါ ချန်ထား၊ ကျော်ထားခဲ့လေ့ ရှိခဲ့ပါတယ်။ "ဒါတွေကတော့ ငါ ပြောဖြစ်မှာ မဟုတ်ပါဘူး"ဆိုတဲ့ စိတ်ထားနဲ့ ခြွင်းချက် ထားခဲ့တာတွေပါ။ ကိုယ်တွေ့ ဥပမာ ပြရရင် - အစားအသောက်၊ ဟိုတယ်၊ အဝတ်အစား စသည်ဖြင့်။ ကိုယ်ကိုယ်တိုင်က အဲဒီအကြောင်းအရာတွေကို စိတ်မဝင်စားတာကြောင့်ရော၊ အဲဒါမျိုးတွေ ပြောနေတာ/ရေးနေတာတွေကို ကလေးကလားဆန်တယ်ဆိုတဲ့ အတွေးကြောင့်ရော ချန်လှပ်ထားခဲ့မိတာပါ။ တကယ်ကျတော့ အဲဒါ အမှားကြီး မှားပါတယ်။ ပြီးခဲ့တဲ့ IELTS စာမေးပွဲ ဖြေမလို့လုပ်တုန်း Speaking ပိုင်းတွေ လေ့ကျင့်တဲ့အခါ 'ဟိုတယ်'အကြောင်း ပြောဖို့ ပါလာပါတယ်။ ကိုယ့်မှာက အဲ...