#B2 #B2+ #C1 #C1+ #C2 #C2+ #IELTS #Reading #Vocabulary #Authentic #Improve #Lexis #Habits
English စာ တိုးတက်ဖို့အတွက် Authentic Material တွေကိုလည်း ဖတ်ဖို့ လိုအပ်တဲ့အကြောင်း "စာအုပ်အညွှန်း ၁"တုန်းက ရေးခဲ့ပါသေးတယ်။ Coursebook လောက်နဲ့ပဲ ကျေနပ်နေရင် စုံလင်မှာ မဟုတ်လို့ပါ။ ဒါနဲ့ ပတ်သက်ပြီး တွေ့ခဲ့ဖူးတဲ့ ပန်းချီသင်တန်း ကာတွန်းလေးတစ်ခုအကြောင်း ပြောပါဦးမယ်။ ကာတွန်းရဲ့ ပထမကွက်မှာ အဝိုင်းကို ဘယ်လိုရေးရတယ်လို့ ပြထားပါတယ်။ ဒုတိယအကွက်ကျတော့ လေးထောင့်တွေကို ဘယ်လို ဆွဲပါပေါ့။ အဲဒီလိုနဲ့ ရိုးရှင်းတဲ့ နည်းစနစ်လေးတွေ ပြသွားလိုက်တာ ဟုတ်နေတာပဲ။ "လွယ်သားပဲဟ"လို့ စိတ်ထဲ ထင်မိတာပေါ့။ ဒီလိုနဲ့ နောက်ဆုံးတော့ လက်တွေ့လေ့ကျင့်ခန်း လုပ်ရမဲ့အလှည့် ရောက်လာပါတယ်။ အဲဒီမှာကျတော့ မိုနာလီဇာပန်းချီကားကို ပြထားပြီး "ပုံတူ ဆွဲပါ"တဲ့။ ကဲ။ ;-( ;-( အဲဒီလိုပါပဲ။ Coursebook တွေလောက်နဲ့ ပြည့်စုံပြီ ထင်ရင်တော့ နောက်ဆုံးမှာ မိုနာလီဇာပုံကို ပုံတူ ဆွဲပြပါဆိုတဲ့ အဖြစ်မျိုးနဲ့ အဆုံးသတ်ရကောင်း သတ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် Authentic Material တွေကို တတ်နိုင်သလောက် များများ ဖတ်ထားလေ၊ (နားထောင်ထားလေ) ကောင်းလေပါ။ (ဆက်စပ်နေလို့ ကိုယ်တိုင် သတိထားမိတာလေး မျှဝေရရင် လေ့လာသူအများစုဟာ Receptive Skill တွေထဲမှာ Reading ကို အချိန် များများ ပေးပြီး လုပ်ဖြစ်ကြပေမဲ့ Listening ကိုတော့ အချိန်ပေးတာ နည်းနေတတ်ပါတယ်။ တကယ်က တိုးတက်မှု နှေးကွေးတဲ့ Listening ကို အချိန် ပိုပြီး ပေးသင့်တာပါ။ ထားပါတော့။)
အဲဒီအတွက် အခု ညွှန်းချင်တာက ဖတ်ရတာလည်း လွယ်ကူ၊ ဘဝအတွက်လည်း အကျိုးရှိစေမဲ့ စာအုပ်တစ်အုပ်ပါ။ စာအုပ်က Tom Corley နဲ့ Michael Yardney တို့ ပေါင်းပြီး ရေးထားတဲ့ "Rich Habits Poor Habits" ပါတဲ့။ 2016 တုန်းက ထုတ်တဲ့ စာအုပ်မို့ သိပ်ပြီး မကြာလှသေးပါဘူး။ စာအုပ်နာမည် ကြားရုံနဲ့ ဘာစာအုပ်အမျိုးအစားလဲဆိုတာ မှန်းလို့ ရပါတယ်။ ဟုတ်ပါတယ်။ သူဌေးတို့ရဲ့ အမူအကျင့်(နဲ့ လူဆင်းရဲတို့ရဲ့ အမူအကျင့်)တွေကို တင်ပြထားတာပါ။ ဒီစာအုပ်ကို ပြုစုဖို့ ကြိုးစားထားပုံက စိတ်ဝင်စားစရာပါ။ လူချမ်းသာပေါင်း နှစ်ရာကျော်နဲ့ လူဆင်းရဲပေါင်း တစ်ရာကျော်ကို သုတေသန ပြုထားတာပါ။ မေးခွန်းသုတေသန (Questionaire Research) လို့ ပြောလို့ရပါတယ်။ အများစုက အမေရိကန်တွေပါ။ သူတို့ကို လူကိုယ်တိုင် မေးမြန်းတာက များပြီး အနည်းစု တချို့တလေကိုတော့ ဖုန်းနဲ့ပဲ ဆက်သွယ်နိုင်ခဲ့ပါသတဲ့။ သုတေသနကာလ ၅ နှစ် ကြာပါတယ်။ ဒါလောက်ဆိုရင် ဒီစာအုပ်က ဘယ်အနေအထား ရှိသလဲဆိုတာ ခန့်မှန်းလို့ ရနိုင်ပါပြီ။
စာအုပ်အထဲက အကြောင်းအရာတွေကိုတော့ များများစားစား မပြောတော့ပါဘူး။ ကိုယ်တိုင်ပဲ ဖတ်ကြည့် ခံစားကြည့်စေလိုပါတယ်။ သဘောကျမိတာတွေထဲက တစ်ခုကိုတော့ ပြောပါရစေ။
ချမ်းသာဖို့အတွက်က နည်းလမ်းက လွယ်လွယ်လေးပါတဲ့။ တစ်အချက်က အရင်းအနှီး ရှာဖို့ပါတဲ့။ နှစ်အချက်ကတော့ ကိုယ်က အိပ်နေရင်တောင် အဲဒီအရင်းအနှီးက ကိုယ့်အတွက် အကျိုးပြုအောင် လုပ်ဖို့ပါတဲ့။ ဒီနေရာမှာ အရင်းအနှီးဆိုတာ Asset ကို ပြောတာပါ။ သူက ငွေကြေးလည်း ဖြစ်နိုင်ပါတယ်။ ပညာလည်း ဖြစ်နိုင်ပါတယ်။ တခြားဟာတွေလည်း ဖြစ်နိုင်ပါတယ်။ ဆရာ/မတွေအတွက်ဆိုရင် ပညာတွေက အရင်းအနှီးတွေပါ။ ဒီလိုပဲ ကုမ္ပဏီဘာညာကိစ္စတွေအတွက်ဆိုရင်လည်း ဆိုင်ရာ ပညာရပ်တွေကို နားလည်တတ်ကျွမ်းတာက Asset ပါပဲ။ ဒုတိယအချက်ကတော့ အဲဒီအရင်းအနှီးကို အသုံးချပြီး ကိုယ့်အတွက် အကျိုးရှိအောင် လုပ်ခိုင်းတာပါ။ တစ်နာရီသင်ရင် ပိုက်ဆံတစ်ထောင်ရတာမို့ ၅ ထောင် ရချင်တဲ့သူတစ်ယောက်အဖို့ ၅ နာရီ သင်ရမယ့်အနေအထား ဖြစ်နေပါတယ်။ အဲဒါမျိုးဆိုရင် ဒုတိယအချက်နဲ့ မကိုက်ညီပါဘူး။ ကိုယ်က အိပ်နေရင်တောင် အတိုးအပွားတွေ ရနေအောင် တွက်ချက် လုပ်ဆောင်မှ နည်းလမ်း မှန်မှာပါတဲ့။ ဟိုတယ်ပိုင်ရှင်၊ ကုန်ထုတ်လုပ်ငန်းပိုင်ရှင်တွေကို စဉ်းစားကြည့်ရင် သဘောပေါက်နိုင်ပါတယ်။
ဟုတ်ကဲ့။ မိတ်ဆက်တာ များသွားပါပြီ။ စာအုပ်က သူဌေးဖြစ်နည်းလို့ သာမန်အားဖြင့် ထင်စရာပါပဲ။ ဒါပေမဲ့ ဘယ်နယ်ပယ်မဆို တိုးတက်လိုသူတိုင်းအတွက် ရှောင်စရာ/ဆောင်စရာတွေကို ပြပေးထားတာမို့ ဖတ်တဲ့သူတိုင်းအတွက် အကျိုးရှိမယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဒါတင်မက အများစု ထင်ထားတဲ့ ငွေကြေးအကြောင်းကိုပဲ ပြောထားတာ မဟုတ်ဘဲ ဘဝမှာ တကယ်လိုအပ်တဲ့ ပျော်ရွှင်မှုအကြောင်းကို တင်ပြထားတာက စိတ်ဝင်စားစရာ ပိုကောင်းပါတယ်။ ဖတ်ရှု လေ့လာကြည့်ပါ၊ ခံစားကြည့်ပါ၊ ကျင့်သုံးကြည့်ပါ၊ ကျန်းမာချမ်းသာပြီး အောင်မြင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
A batch 7th TESOLer
Mandalay TESOL Centre
Comments
Post a Comment