#B2 #B2+ #C1 #C1+ #C2 #C2+ #IELTS #Reading #Vocabulary #Authentic #Improve #Kaizen
အင်္ဂလိပ်စာ တိုးတက်ဖို့ ကြိုးစားတဲ့အခါ Authentic Material တွေ ဖတ်ဖို့ လိုအပ်တယ်ဆိုတာ သိကြပြီးသားပါ။ Course Book တွေလောက်နဲ့ ကျေနပ်နေလို့ မရပါဘူး။ Course Book တွေဟာ အကြောင်းအရာ (Topic, Vocab, Grammar & Usage) တွေကို အတော်အသင့် စုံလင်အောင်ပဲ ပြပေးနိုင်ပါတယ်။ ပြည့်စုံအောင် ပြမပေးနိုင်ပါဘူး။ ပြည့်စုံဖို့အတွက် Course Book လောကမှာတင် ဝဲလည်မနေဘဲ Authentic Material လောကထဲကိုပါ တိုးဝင်ရမှာပါ။
အခု ညွှန်းချင်တာက အင်္ဂလိပ်စာအတွက်လည်း အဆင်ပြေ၊ ဘဝအတွက်လည်း အသိဉာဏ် ရစေတဲ့ စာအုပ်တစ်အုပ်အကြောင်းပါ။ အဲဒါက -
Robert Maurer Ph.D. ရဲ့
One Small Step Can Change Your Life - The Kaizen Way
ဖြစ်ပါတယ်။ လူအတော်များများ Kaizen ဆိုတဲ့ ဂျပန်ဝေါဟာရကို ကြားဖူးကြပါလိမ့်မယ်။ ဒီနည်းလမ်းရဲ့ မူရင်းက ဂျပန် မဟုတ်ပေမဲ့ ဒီနည်းကို အသုံးချတဲ့ နေရာမှာ နာမည်ကြီးတဲ့ Toyota ကုမ္ပဏီတို့ကြောင့် ဂျပန်ဝေါဟာရက လူသိများလာတာ ဖြစ်လောက်ပါတယ်?။ ထားပါတော့။
အကြောင်းအရာကလည်း အထူးအဆန်း မဟုတ်ပါဘူး။ စာအုပ်နာမည်အတိုင်းပါပဲ။ တစ်နေ့တစ်နေ့ နည်းနည်းနည်းနည်းချင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရယူနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒီနည်းလမ်းကို ဖတ်ကြည့်လိုက်ရင် ဟုတ်ပါ့ဟုတ်ပါ့မလားလို့ တွေးမိနိုင်ပါတယ်။ ဒါပေမဲ့ ပိဋကတ်စာပေမှာ ဒါနဲ့ ခပ်ဆင်ဆင်တူတဲ့ အကြောင်းအရာတွေ ရှိပါတယ် (ကြုံတဲ့အခါ ပြောပြပါမယ်)။ ဒါတင်မက မြန်မာ့ယဉ်ကျေးမှုမှာလည်း "တစ်စက်ကျများ ပြည့်သောလား" "ခြကို ပုံထား၊ ပျားကို ပုံတု" စသည်ဖြင့် နည်းနည်းစီ လုပ်ဆောင်မှုရဲ့ ကောင်းကျိုးတွေကို တွေ့ရပါမယ်။ နည်းနည်းချင်း လုပ်ဆောင်တာ ဆိုပေမဲ့ နေ့တိုင်းနေ့တိုင်း လုပ်ဆောင်တာပါ။ ဒီတော့ ကောင်းချက် နှစ်ချက် ရှိပါတယ်။ တစ်ချက်က အချိန် အများကြီး မပေးရတဲ့အတွက်၊ ကိုယ်အားဉာဏ်အား အများကြီး စိုက်ထုတ်ဖို့ မလိုတဲ့အခါ စတင် လုပ်ဆောင်ရမှာ မပျင်းတော့ပါဘူး။ နောက်တစ်ချက်ကတော့ ရလဒ်ကို မြင်လာတဲ့အခါ နောက်ထပ် ပိုကြိုးစားဖို့၊ အချိန် ပိုပေးဖို့၊ လေ့လာမှု တိုးပြီး လုပ်ဖို့ စိတ် ပါလာတာပါ။ Motivation ပို ဖြစ်လာတဲ့သဘောပါ။ ဒါတွေကြောင့် လိုချင်တဲ့ အောင်မြင်မှုကို ရနိုင်တာပါ။
ဒါလောက်ဆိုရင် စာအုပ်အကြောင်း အကြမ်းဖျင်း သိနိုင်ပါပြီ။ ကိုယ်တိုင် ခံစားကြည့်ပါ။ အင်္ဂလိပ်စာအတွက်ရော ဘဝတစ်သက်တာအတွက်ပါ အထောက်အကူပေးပါလိမ့်မယ်။
A batch 7th TESOLer
Mandalay TESOL Centre
Comments
Post a Comment