ဟိုနေ့ကပဲ Youtube မှာ ရှာဖွေကြည့်ရင်း စပိန်?က ဆရာမတစ်ယောက်ရဲ့ Lexical resource ဆိုင်ရာ အကြံပြုချက်တစ်ခုကို ကြည့်လိုက်ရပါတယ်။ ကြည့်တာတွေ များသွားတာကြောင့် Link ကို တိတိကျကျ မညွှန်းတော့ပါဘူး။ သူပြောတာတွေက တခြားဆရာ/မတွေ ပြောတာနဲ့ သဘောတရား ခပ်ဆင်ဆင်ပါပဲ။ သူက အခု ပြထားတဲ့ ပုံမျိုးနဲ့ ပြောသွားတာပါ။ ကျောင်းသူ/သား အတော်များများမှာ ရှိနေတဲ့ Lexical resource ပမာဏက စက်ဝိုင်းအကြီးလောက် ရှိပါသတဲ့။ အဲဒါက Receptive skill အနေနဲ့ ရှိနေတဲ့ ပမာဏကို ပြောတာပါ။ Listening & reading လုပ်တဲ့အခါ/ ကြားလိုက်ရင်၊ မြင်လိုက်ရင် သိနိုင်တဲ့ ပမာဏပါ။ ခက်တာက အဲဒါတွေ အကုန်လုံးကို Productive skill အနေနဲ့ ထုတ်သုံးလို့ မရတဲ့ ပြဿနာပါတဲ့။ Productive skill အနေနဲ့ သုံးနိုင်တဲ့ ပမာဏကတော့ အတွင်းက စက်ဝိုင်း အငယ်လောက်ပဲ ရှိပါသတဲ့။ Speaking & writing လုပ်ရင် သုံးနိုင်တဲ့ ပမာဏက အတော်လေး နည်းတဲ့ သဘောပါ။ ဒီတော့ Lexical resource ပိုင်းမှာ ရမှတ် နည်းသွားကြတာပါတဲ့။
ဒီတော့ Lexical resource ပိုင်းမှာ အမှတ်ကောင်းကောင်း ရချင်တဲ့ ကျောင်းသူ/သားတွေက တစ်နည်းတစ်ဖုံ ကြိုးစားကြပါသတဲ့။ သူတို့ ကြိုးစားပုံကတော့ "ငါတို့ရဲ့ Lexical resource က အားနည်းသေးတယ်။ ဒီတော့ ဖြည့်ဆည်းဦးမှ ဖြစ်မယ်"ဆိုပြီး Receptive skill ဖြစ်တဲ့ အပြင်စက်ဝိုင်းကို ချဲ့ထွင်ဖို့ ကြိုးစားကြပါသတဲ့။ အဲဒါ မှားယွင်းတဲ့အချက်လို့ ဆိုပါတယ်။ တကယ် လုပ်ရမှာက ရှိထားပြီးသား Receptive skill lexical resource တွေကို Productive skill အဖြစ် သုံးလာနိုင်အောင် လုပ်ရမှာပါ။ တစ်နည်း ပြောရရင် အတွင်းစက်ဝိုင်းကိုပဲ အရင်ဆုံး ချဲ့ထွင်သင့်တာလို့ ပြောတာပဲ။ အခုတော့ Receptive skill ကိုပဲ ချဲ့ထွင်နေတာကြောင့် သူတို့ လိုချင်တဲ့ Productive skill lexical resource တွေကို မရနိုင်ဘဲ ဖြစ်နေကြပါသတဲ့။
ဒါနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတစ်ခုကို တမြန်နေ့ကပဲ Youtube မှာ ကြည့်လိုက်ရပါတယ်။ IELTS Speaking ကို ဦးတည် သင်ပေးတဲ့ အင်္ဂလန်က ဘိုးတော်ကြီး Keith O'hare က ကျောင်းသူတစ်ယောက်ကို အင်တာဗျူးထားတာပါ။ ကျောင်းသူက မူရင်းက ရှန်ဟိုင်းကပါ၊ လက်ရှိမှာတော့ အင်္ဂလန်ကို ရောက်နေပါသတဲ့။ အဲဒီတရုတ်ပြည်မှာ နေတုန်း IELTS ဖြေတော့ Speaking မှာ 8.0 ရတဲ့ ကျောင်းသူပါ။ ဘိုးတော်ကြီး အဓိက အင်တာဗျူးတာက ဘာဖြစ်လို့ 8.0 ရသလဲ-ဆိုတာကို မေးတာပါ။ အဲဒီမှာ ကျောင်းသူဖြေသွားတာက မှတ်သားစရာပါ။ သူ့အပြောအရတော့ သူက ဘိုးတော်ကြီးရဲ့ Speaking paid course ကို တက်ဖူးဟန် မတူပါဘူး။ သူ လုပ်ဖြစ်တာက ဘိုးတော်ကြီးရဲ့ Youtube ရုပ်သံတွေကိုပဲ ကြည့်ပြီး လေ့ကျင့်ဖြစ်သွားတဲ့ သဘောပါ။ သူက Speaking တစ်ခုကို လေ့ကျင့်ရင် ဘိုးတော်ကြီး ညွှန်ပြတဲ့ Lexical resource တွေကို သုံးဖို့ ကြိုးစားကြောင်း၊ ပြောနေတာကိုလည်း Video record လုပ်ထားတဲ့အကြောင်း၊ အဲဒါကို ပြန်ကြည့်ပြီး ဘိုးတော်ကြီး ညွှန်ပြသွားတဲ့ အဆင့်မြင့်တဲ့ အသုံးအနှုန်းတွေကို သုံးလိုက်သလား/မသုံးလိုက်ဘူးလားလို့ စိစစ်တဲ့အကြောင်း၊ မသုံးလိုက်ရင် သုံးဖြစ်အောင် သုံးပြီး လေ့ကျင့်ကြောင်း၊ အသုံးများတဲ့ အီဒီယမ်တွေက အစ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်အောင် ကြိုးစားကြောင်း ပြောသွားတာပါ။ (မှတ်မိသလောက် ပြန်ရေးတာပါ။ အလွဲအချော် ရှိနိုင်ပါတယ်။)
ဒီတော့ အဲဒီကျောင်းသူ လုပ်သွားတာက အထက်က စပိန်က ဆရာမ ပြောသွားတဲ့ အချက်ကို လက်တွေ့ အသုံးချသွားတဲ့သဘော ဖြစ်နေတာပါ။ ဒေါ်လာ ၅၀၀ တန် စကားလုံး အသစ်တွေ ရဖို့ မကြိုးစားဘဲ ရနိုင်သလောက်ထဲက စကားလုံးတွေကို သုံးဖြစ်အောင် လုပ်သွားတာက သူ့ရဲ့ အားသာချက်ပါ။ အဲဒီဟာက အတော်လေး သတိပြုသင်တဲ့အချက်လို့ မြင်ပါတယ်။ ဒါမှသာ Receptive skill တွေကို Productive skill အဖြစ် သုံးနိုင်လာမှာပါ။ Lexical resource/ Vocabulary ပိုင်းမှာ အဆင့်မြင့်မြင့် သုံးတတ်လာမှာပါ။ (စကားမစပ် IELTS လုပ်ဖြစ်မယ်ဆိုရင် အဲဒီဘိုးတော်ကြီးရဲ့ ရုပ်သံတွေကို မလွဲမသွေ ကြည့်သင့်ပါတယ်။)
အဆင်ပြေကြပါစေ။
Comments
Post a Comment