TOEFL/IELTS/Cambridge Exams/PTE အစရှိတဲ့ ဘာသာစကား စာမေးပွဲတွေ ဖြေခဲ့သူတွေနဲ့ စကားပြောတဲ့အခါတိုင်း အထက်က စကားကို ကြားရလေ့ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းက သိပ်ပြီး သတိမထားမိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ဖြေပြီးတဲ့နောက်မှာ အဲဒီစကားက အတော်လေး မှန်တယ်ဆိုတာကို သိလာရပါတယ်။ ကိုယ်ပိုင် တွေ့ကြုံပြီးပြီဆိုတော့ နောက်လူတွေ ထပ် မမှားသင့်တဲ့ အမှားတွေဖြစ်လို့ ပြောပါရစေဦး။
ကိုယ်တိုင် အင်္ဂလိပ်စာတွေ သင်ယူတဲ့အခါမှာရော၊ ဆရာဖြစ်လို့ သင်ပေးတဲ့အခါမှာပါ တချို့ အကြောင်းအရာတွေကို မသိမသာရော၊ သိသိသာသာပါ ချန်ထား၊ ကျော်ထားခဲ့လေ့ ရှိခဲ့ပါတယ်။ "ဒါတွေကတော့ ငါ ပြောဖြစ်မှာ မဟုတ်ပါဘူး"ဆိုတဲ့ စိတ်ထားနဲ့ ခြွင်းချက် ထားခဲ့တာတွေပါ။ ကိုယ်တွေ့ ဥပမာ ပြရရင် - အစားအသောက်၊ ဟိုတယ်၊ အဝတ်အစား စသည်ဖြင့်။ ကိုယ်ကိုယ်တိုင်က အဲဒီအကြောင်းအရာတွေကို စိတ်မဝင်စားတာကြောင့်ရော၊ အဲဒါမျိုးတွေ ပြောနေတာ/ရေးနေတာတွေကို ကလေးကလားဆန်တယ်ဆိုတဲ့ အတွေးကြောင့်ရော ချန်လှပ်ထားခဲ့မိတာပါ။
တကယ်ကျတော့ အဲဒါ အမှားကြီး မှားပါတယ်။ ပြီးခဲ့တဲ့ IELTS စာမေးပွဲ ဖြေမလို့လုပ်တုန်း Speaking ပိုင်းတွေ လေ့ကျင့်တဲ့အခါ 'ဟိုတယ်'အကြောင်း ပြောဖို့ ပါလာပါတယ်။ ကိုယ့်မှာက အဲဒီအကြောင်း ပြောဖို့ ဘာ ဝေါဟာရမှ ရှိမနေပါဘူး။ မြန်မာလို အိုင်ဒီယာ ရှိနိုင်ပေမဲ့ ဆီလျော်တဲ့ အင်္ဂလိပ်ဝေါဟာရကို ရှာမတွေ့နိုင်ပါဘူး။ ဒီတော့ စိတ်ပျက်လက်ပျက် ဖြစ်ရပါတယ်။ "ဘာတွေ မေးမှန်းလည်း မသိဘူး"လို့ စဉ်းစားမိပေမဲ့ စာအုပ်/အင်တာနက်တွေရဲ့ အကူအညီနဲ့ အထိုက်အလျောက် လေ့ကျင့်လို့ ရသွားပါတယ်။ ပြန် စဉ်းစားကြည့်တဲ့အခါ/ သူငယ်ချင်းတွေနဲ့ ပြောဖြစ်တဲ့အခါ "ခြွင်းချက်ထားခြင်းရဲ့ ဆိုးကျိုး"ဆိုတာ သိလာရပါတယ်။ တကယ်က သူ့ Level အလိုက် ပြောနိုင် ရေးနိုင်မှသာ အဆင်ပြေမှာပါ။ အဲဒီလို ပြောနိုင် ရေးနိုင်အောင် နယ်ပယ်စုံအောင် လုပ်ထားရမှာပါ။ ဒါ့ကြောင့်လည်း ဆရာသမားတွေ/စာအုပ်တွေက 'နယ်ပယ်စုံ'လုပ်ဖြစ်ဖို့ ပြောကြတယ်ဆိုတာ သိလာရပါတယ်။
ဒီတော့ လိုအပ်တဲ့ နယ်ပယ်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားရမှာပါ။ ဒီဘက်ခေတ်မှာ ကံကောင်းတာကတော့ Resource/Material တွေကို အလွယ်တကူ ရနိုင်တာပါ။ အင်တာနက်တစ်ခုလုံး မွှေနှောက်နိုင်ပါတယ်။ ဒါမှမဟုတ် ခပ်မြန်မြန် လိုချင်ရင်တော့ Youtube & TED Talk တို့လို နေရာတွေလောက် ရှာလိုက်ရင်ကိုပဲ အလွယ်တကူ ရနိုင်ပါပြီ။ အဓိကအချက်ကတော့ ရလာတဲ့ အရင်းအမြစ်တွေကို စနစ်တကျ အသုံးချဖြစ်အောင် ကြိုးစားဖို့ပါပဲ။
အဆင်ပြေကြပါစေ။
Comments
Post a Comment