2022-5-28 ရက်နေ့က ဖြေခဲ့တာပါ။ 2022-06-10 ရက်နေ့မှာ Result ကို Website ကနေ သိရပါတယ်။ 2022-06-22 ရက်နေ့မှပဲ IELTS TRF (Test Report Form) ကို ရပါတယ်။ ရလဒ်ကတော့ ပုံထဲမှာ မြင်တဲ့အတိုင်းပါပဲ။
Listening 6.5
Reading 6.5
Writing 6.0
Speaking 5.5
Overall 6.0
ရလဒ် ထွက်ပြီးတဲ့နောက် ကိုယ် ဖြေခဲ့တဲ့အပိုင်းတွေကို အခုလို ပြန် တွေးတော ဆင်ခြင်မိပါတယ်။ နောက်ထပ် ဖြေစရာရှိရင် ရှောင်စရာရှိတာ ရှောင်နိုင်ဖို့ပါ။ ဖြေရှင်းနည်းကတော့ ရှင်းရှင်းလေးပါပဲ။ အားနည်းတဲ့ အပိုင်းတွေ ရှာ၊ ဖြည့်ဆည်းဖို့။ အမှတ် ရတာ နည်းလွန်းတဲ့ မေးခွန်းတွေ ရှာ၊ နည်းလမ်း ရှာဖို့ပါ။
Listening 6.5 အပေါ်ဆုံး စစချင်းမှာပဲ Listening 6.5 ကို မြင်လိုက်ကတည်းက အတော်လေး စိတ် ပျက်မိသွားတာ အမှန်ပါ။ အရင် ပို့စ်မှာ ရေးခဲ့သလို အတော်လေး ဖြေနိုင်ခဲ့တယ်လို့ ထင်ထားခဲ့တာပါ။ ဒီတော့ အနည်းဆုံး 7.0 အောက်တော့ မရောက်လောက်ဘူးလို့ မျှော်လင့်ခဲ့မိပါတယ်။ ဒါပေမဲ့ မြင်တဲ့အတိုင်းပါပဲ။ ကြည့်ရတာတော့ မှန်မယ်လို့ ထင်ခဲ့တာတွေက မှားသွားတာပဲ ဖြစ်မှာပေါ့လေ။ အထူးသဖြင့် Part 3 ရဲ့ MCQ တွေက အတော်လေး ဒုက္ခပေးနိုင်တယ်လို့ ထင်မိပါတယ်။
Reading 6.5 ဒါကတော့ မဆိုးဘူးလို့ ပြောရမယ်။ အရင်ပို့စ်မှာ ရေးခဲ့တုန်းကအတိုင်း ခက်ခဲလွန်းတယ်လို့ ထင်ထားခဲ့တော့ ဒီလောက် ရတာ မဆိုးဘူးလို့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိပါတယ်။ ရယ်တော့လည်း ရယ်စရာကြီး၊ ဒီလောက် ရမယ်လို့ ထင်မထားခဲ့ဘူးကိုး။
Writing 6.0 ဒီအပိုင်းက အတော်လေး ရေးစရာ ရှိမယ်။
Task 1 မှာ မေးတဲ့ မေးခွန်းက လွယ်တယ်။ ကိုယ်က Compare & Contrast ကောင်းကောင်း မလုပ်နိုင်ခဲ့တာ ကိုယ့်အပြစ်။ Grammar & Lexis ပိုင်း မဆိုးလောက်ဘူးလို့ ယုံကြည်ပါတယ်။ အားနည်းသွားတဲ့အချက်က Preparation time ကို နည်းနည်းပဲ ပေးမိတာပါ။ မပြီးမှာ ကြောက်တာလည်း ပါတာပေါ့လေ။ အဲဒီ ပြင်ဆင်တဲ့အပိုင်းကို အချိန် ဒီထက် ပိုပြီး ပေးလိုက်ရင် ပို ကောင်းနိုင်ခြေ ရှိပါတယ်။
Task 2 မှာ လည်း Coherence & Cohesion, Grammar ပိုင်းတွေ မဆိုးဘူးလို့ ထင်ပါတယ်။ အမှတ်ကို ဆွဲချလိုက်တဲ့ အပိုင်းက Lexis ပိုင်းလို့ ယုံကြည်ပါတယ်။ ဖြစ်ပုံက အဖြစ်အပျက် ၂ ခုလုံးမှာ နမူနာကို သံဃအဖွဲ့အစည်းအကြောင်းကိုပဲ ရေးလိုက်မိတာပါ။ ဒီတော့ ရေးတဲ့ စာလုံးရေ ၂၅၀ ကျော် အတွင်းမှာ ဝေါဟာရအသစ်က နည်းသွားမှာပါ။ ဒီအချက်ကိုပဲ လိုအပ်ချက်လို့ မြင်မိပါတယ်။ အမှန်က စာမေးပွဲ ပြီးကတည်းက Writing အကြောင်းကို ပြန်တွေးမိတဲ့အခါ အဲဒီအချက်ကို ပြောမိပါသေးတယ်။
Speaking 5.5 ဒါကတော့ အသေအလဲ ကြိုးစားထားခဲ့ရတဲ့ဟာ။ ဒီလောက် ရတာ မဆိုးဘူးလို့ပဲ မြင်မိပါတယ်။ တကယ်ကျတော့ ကောင်းကောင်း ဖြေနိုင်တယ်လို့တောင် ထင်ထားတာပါ။ ဒီထက် ရမယ်လို့တောင် မျှော်ခဲ့မိတာ အမှန်ပါ။ အနှောင့်အယှက် ဖြစ်သွားခဲ့တဲ့ ကိစ္စတွေထဲက အဓိကအချက်ကတော့ နှာခေါင်းစည်းကို ဆွဲဆွဲ တင်နေရတာကြောင့် စိတ်က မဖြောင့်တာလည်း ပါမယ်။ အာရုံ ပျက်တာကိုး။ ကျန်တာကတော့ ကိုယ့်ဘာသာ လေ့ကျင့်ခဲ့တုန်းက အခြေအနေအရ Exam format time frame တွေအတိုင်း မလေ့ကျင့်မိတာပါ။ မသိလို့ မဟုတ်ပါဘူး။ ပုံမှန် လေ့ကျင့်ခန်းတောင် တအား လုပ်နေရတာမို့ မလေ့ကျင့်နိုင်လို့ Exam အတိုင်း မလေ့ကျင့်ဖြစ်ခဲ့တာပါ။
{6:23 PM 2022-07-05 ps: တဖြည်းဖြည်းနဲ့မှ သိလာရတာတွေ ရှိတယ်။ အမှားတွေ ပေါ့လေ။ အဲဒါကတော့ Speaking part 3 ပိုင်းဆိုတာ မေးခွန်းတွေက အရှည်တွေ။ နားလည်ရလည်း ခက်တယ်။ ဒီတော့ မဖြေခင် စဉ်းစားချိန်/ပြင်ဆင်ချိန် အနည်းအကျဉ်း လိုအပ်တယ်။ အဲဒါတွေကို ဖြေခဲ့တုန်းက သိပ်ပြီး မစဉ်းမစားဘဲ ဖြေခဲ့တာ များတယ်။ စဉ်းစားချိန် များများ မပေးခဲ့မိတာကို ပြောတာပါ။ မြန်မြန်ပြီးချင်စိတ်ကြောင့်လားတော့ မပြောတတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီလို ခပ်လောလော ဖြေခဲ့တာ မမှန်လှဘူး။ အထိုက်အလျောက် စဉ်းစားချိန်လေး/ အိုင်ဒီယာထုတ်ချိန်လေး ပေးသင့်တယ်။ သိပ်လည်း မကြာစေနဲ့ပေါ့။ ကြာလွန်းရင်လည်း Fluency ပိုင်းမှာ အမှတ် လျော့သွားနိုင်လို့။ အခု နောက်ပိုင်းကျမှ အချိန်ရလို့ Website & Youtube တွေ ဖတ်/ကြည့်တဲ့အခါမှာ လက်တွေ့ လုပ်ခဲ့သူတွေနဲ့ ဆရာသမားတွေရဲ့ လမ်းညွှန်ချက်တွေကို အများကြီး တွေ့ရတယ်။ လက် မလွှတ်သင့်တာတွေ။ နောက်တစ်ခါ ဖြေမယ်ဆိုရင် အသေအချာ လိုက်နာသင့်တာတွေပါ။}
{8:38 PM 2022-06-29 ps: ပြန်စဉ်းစားကြည့်တော့ Part 2 ပိုင်းမှာ Tense တွေ ပိုင်ပိုင်နိုင်နိုင် မသုံးခဲ့နိုင်လောက်ဘူးလို့လည်း တွေးမိပါတယ်။ အစတုန်းကတော့ ဒါကို သတိမထားခဲ့မိပါဘူး။ အခုမှ လမ်းညွှန်ချက်တွေ ဘာတွေ ပြန်ကြည့်ရင်း တွေးမိတာပါ။ သူများတွေ ပြောကြတဲ့ Grammar & Vocab ပိုင်းမှာလည်း အားနည်းသွားမယ် ထင်ပါတယ်။ ခြုံကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် အားရတာဆိုလို့ Pronunciation ပိုင်းလောက်ပဲ။ Fluency ပိုင်းကလည်း မရခဲ့တာ အသေအချာပါ။ ဒါတွေက ထပ် ဖြည့်ဆည်းရမဲ့ဟာတွေပါပဲ။ အထူးသဖြင့် Record, Evaluate & Modify မလုပ်နိုင်ခဲ့တာကြောင့် ဖြစ်ရတာတွေ။ နောက်ပိုင်း ဒါမျိုး မဖြစ်အောင် လုပ်ရမယ်။ အခုလည်း စပြီး လုပ်နေပြီလို့ ပြောရမယ်။ }
Overall 6.0 မဆိုးဘူးလို့ ထင်ပါတယ်။ တကယ်က Sub-skill 2 ခုလောက်မှာ 0.5 လောက် တိုးပြီး ရလိုက်ရင်ကို 6.5 လောက်တော့ ရမှာ။ အခုတော့ ဟောင်ကောင် ကျောင်းကိစ္စအတွက် သီသီကလေးပဲ ကပ် ရတယ်လို့ ဆိုရမှာပေါ့။
ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ပြောရရင် Listening & Reading တွေကို သဘောကျတယ်။ ရရ/မရရ ဒါ ရှိတာ အကုန်ပဲ-ဆိုတဲ့သဘောနဲ့ အဆင်ပြေတယ်။ လုံးဝ ဖိအား မရှိခဲ့ဘူး။ Writing မှာကျတော့လည်း ၃/၄ ရက်လောက် ပြန် လုပ်လိုက်တာနဲ့ အကုန်လုံး ပြန်ပေါ်တယ်။ အဆင်ပြေတယ်။ အခက်အခဲဆုံးက Speaking ပဲ။ သူ့ကိုပဲ များများ အချိန် ပေးခဲ့ရတယ်။ ဒီတော့ ရှေ့ဆက်ပြီး ဘာသာစကားအတွက် လုပ်မယ်ဆိုရင် Speaking ကို No. 1 အားစိုက်ပေးရမယ်။ Writing ကို No. 2 အားစိုက်ရမယ်။ ဒီဟာတွေမှာ အခြေအနေ ကောင်းအောင် Lexis ကို No. 3 အဖြစ် စနစ်တကျ လုပ်ရမယ်။ ဒါပဲ။ သိလာရသလောက် ဒီ ၃ ခုက (အမှန်ကတော့ အကုန်လုံးပေါ့) အဓိက လုပ်ရမဲ့ဟာတွေပါ။ အဆင်ပြေကြပါစေ။

Comments
Post a Comment