#Writing #Improve #IELTS #Skills
၁။ လူတော်နည်း
၂။ လူပျော်နည်း
၃။ လူပျင်းနည်း-ဆိုပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ၃ နည်း ခွဲထားပါတယ်။ ဘယ်သူမှ သတ်မှတ်ပေးတာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် သုံးဖူးတဲ့ နည်းတွေပါ။
၁။ လူတော်နည်း
ဒါကတော့ ကိုယ်ဖြေမဲ့ စာမေးပွဲရဲ့ အချိန်သတ်မှတ်ချက်အတိုင်း ဖြေဆိုကြည့်ပြီး ပြင်ဆင်တဲ့ နည်းပါ။ ၂ ပိုင်း ပါတယ်လို့ ပြောရပါမယ်။
နမူနာ ပြောရရင် IELTS Writing Task 2 ဟာ အချိန်အားဖြင့် မိနစ် ၄၀ စာ သတ်မှတ်ပါတယ်။ ဒီတော့ IELTS Writing Task 2 ကို လေ့ကျင့်တဲ့အခါ မိနစ် ၄၀ အတိအကျ သတ်မှတ်ထားပြီး အဲဒီအချိန်အတွင်း အပြီးအပြတ် ဖြေဆိုတာပါ။ အချိန်ပို မယူပါဘူး။ အဘိဓာန် မသုံးပါဘူး။ ကြားဖြတ် နားနေတာမျိုး မလုပ်ပါဘူး။ ဒီနည်းလမ်းကို စာမေးပွဲ ဖြေကာနီးသူတွေ လေ့ကျင့်ကြပါတယ်။ Exam Timeframe အတိုင်း ဖြေနိုင်အောင် ကြိုးစားကြတာပါ။
ဖြေဆိုပြီးတဲ့အခါ တကယ် လေ့ကျင့်ကြသူတွေမှာတော့ ဆရာတွေက စစ်ဆေးပေးပြီး ကိုယ်ရနိုင်လောက်တဲ့ အမှတ်ကို ပြောပြပေးပါတယ်။ ဒါတင်မက ပြင်ဆင်ချက်၊ ဖြည့်စွက်ချက် လိုအပ်တာတွေကိုလည်း ပြောပြပေးပါတယ်။ ဒါမှမဟုတ် စစ်ပေးမဲ့ ဆရာ/ကိုယ့်ထက်တော်သူ မရှိဘူးဆိုရင်တော့ ကိုယ့်ဘာသာ ပြန်စစ်ပြီး ကိုယ်တိုင်ပဲ လိုအပ်ချက်တွေကို ဖြည့်စွက်ပြင်ဆင် လေ့ကျင့်ပါတယ်။ ပြင်ဆင်လေ့ကျင့်တဲ့အခါမှာတော့ ဒုတိယနည်းဖြစ်တဲ့ 'လူပျော်နည်း'ကို သုံးရမှာပါ။
အကျဉ်းချုပ် ပြောရရင် အရင်ဆုံး Exam Format & Timeframe အတိုင်း လေ့ကျင့်ပြီးတဲ့နောက် လူပျော်နည်းကိုပါ လေ့ကျင့်တာကို လူတော်နည်းလို့ ပြောတာပါ။ စာမေးပွဲ ဖြေကာနီးရင် ဒီနည်းလမ်းကို မဖြစ်မနေ သုံးရမှာပါ။ စာမေးပွဲနဲ့ ဝေးနေသေးရင်လည်း သုံးနိုင်ပါတယ်။
၂။ လူပျော်နည်း
ဒီနည်းလမ်းက ကိုယ်နဲ့ သက်ဆိုင်တဲ့ မေးခွန်းကို ဖတ်ပြီး 'အချိန် သတ်မှတ်ချက် မထားဘဲ' ဖြေတဲ့ နည်းပါ။ အချိန် များများ ယူတဲ့ နည်းပါ။ (ဒါပေမဲ့ စာလုံးရေ ၂၅၀ လောက်အတွက် ၂ ရက် ၃ ရက်လောက် အချိန် ယူနေတာတော့ မကောင်းဘူးပေါ့လေ။) အချိန် များများ ယူတဲ့အတွက် အိုင်ဒီယာတွေ ပိုထွက်လာအောင်၊ အကောင်းဆုံးရေးဟန် ရအောင် လုပ်တာလည်း ပါပါတယ်။ ဒါတင်မက အဘိဓာန်တို့ သဒ္ဒါစာအုပ်တို့ကို အသုံးပြုပြီး အသုံးအနှုန်းတွေ မှန်ကန်အောင် ပြင်ဆင်မှုလည်း ပါရပါတယ်။ စာမေးပွဲနဲ့ ဝေးသေးတဲ့အချိန်မှာ ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ ဒီနည်းကို သုံးတဲ့အခါ ပြန်ပြီး ပြင်ဆင်ရတာမျိုး နည်းပါတယ်။ ကိုယ်က အချိန်ယူပြီး ရေးတာမို့ နောက်ထပ် ပြန်လည် ပြင်ဆင်ဖို့ မလိုအပ်တော့ပါဘူး။ ဒါပေမဲ့ တတ်နိုင်ရင်တော့ ပြန်လည် ပြင်ဆင်တာက အရည်အသွေး ပိုထက်စေပါတယ်။ သတိရလို့ ပြောရရင် မန္တလေးက IELTS ဆရာမတစ်ယောက်ဟာ စာတစ်ပုဒ်ကို ၃ ကြိမ် စစ်ဆေးပေးပါသတဲ့။ ရေးခိုင်းလိုက်၊ စစ်ပေးလိုက်၊ Feedback ပေးလိုက်နဲ့ ကောင်းနိုင်သမျှ ကောင်းအောင် ပြင်ဆင်ပေးတာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ဟိုတုန်းက သူ့အတန်းတွေမှာ တစ်တန်းကို ကျောင်းသား ၅ ဦးလောက်ပဲ လက်ခံတယ်လို့ သိရပါတယ်။ အခုတော့ မပြောတတ်ပါ။
၃။ လူပျင်းနည်း
ဒါကတော့ စာမေးပွဲနဲ့ ဝေးတဲ့ကာလ၊ စာမေးပွဲအတွက် စိတ်ကူးပေမဲ့ ဖြေဖို့တောင် စိတ်မကူးသေးတဲ့ကာလမှာ အိုင်ဒီယာတွေ ရအောင်၊ ပြီးတော့ ရေးဟန်(ရေးသားနည်းစနစ်)ကိုလည်း သိအောင် လေ့လာတဲ့နည်းပါ။ အဲဒါကတော့ သူများတွေ ဖြေထားတဲ့ အဖြေတွေကို ကူးရေးရင်း ဖတ်သွားတာပါ။ ဟုတ်ပါတယ်၊ ကူးရေးရင်း ဖတ်သွားတာပါ။ ကူးရေးတာက တွေးချိန် ပို ရစေပြီး မူရင်း ရေးသူရဲ့ အိုင်ဒီယာတွေ၊ ရေးဟန်တွေကို ပိုမို သတိထားမိစေပါတယ်။ လိုအပ်ရင် အဘိဓာန်သုံးပြီး မသိတဲ့ စကားလုံးတွေကိုလည်း လေ့လာဖို့ လိုပါတယ်။ တကယ်ကျတော့ ဒီနည်းလမ်းမှာ ကိုယ့်ဘက်က အားစိုက်တာ နည်းပါတယ်။ သူများရေးထားတာကို ကူးတာလောက်ပါပဲ။ ဒါ့ကြောင့်လည်း လူပျင်းနည်းလို့ ခေါ်လိုက်တာပါ။ လူပျင်းနည်းဆိုပေမဲ့ ဘာမှ မလုပ်တာထက်စာရင်တော့ အများကြီး အသုံးကျပါတယ်။ တချို့ စာရေးဆရာတွေဆိုရင် သူတို့ လေးစားအားကျတဲ့ စာရေးဆရာတွေရဲ့ စာတွေကို ဒီ'လူပျင်းနည်း'နဲ့ လေ့လာလေ့ ရှိကြပါသတဲ့။ ဓာတ်ကူးတဲ့သဘောလို့ ဆိုကြပါစို့။
ဒီထဲက ကိုယ်ကြိုက်တဲ့ နည်းကို သုံးပါ။ ထိုင်နေတာထက်စာရင် ထသွားလိုက်တာက ပိုပြီး ခရီးတွင်စေပါတယ်။ စကားမစပ် ဒီပို့စ်ကို လူပျော်နည်းနဲ့ ရေးထားပါတယ်။
ငြိမ်းချမ်းပါစေ မြန်မာပြည်
အေးချမ်းပါစေ ကမ္ဘာမြေ
A batch 7th TESOLer
Mandalay TESOL Centre
Comments
Post a Comment