#Coursebooks #Level
(ပို့စ်တစ်ခုမှာ Comment ပေးထားခဲ့တဲ့စာကို ပြင်ဆင် တင်ပြတာပါ။)
Course book တွေ အကုန်လုံးကို အတွေ့အကြုံ ရှိပြီးသား ဆရာ/မတွေက ရေးထားကြတာပါ။ အဲဒါကြောင့် အကုန်လုံး ကောင်းကြပါတယ်။ ဒါပေမဲ့ စာအုပ်တွေ ဝယ်တော့မယ်ဆိုရင် စဉ်းစားဖို့လိုတဲ့ အချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့
၁။ နယ်ပယ်ရွေးခြင်း
၂။ Level ရွေးခြင်း
၃။ အကြိုက်ရွေးခြင်း-လို့ ၃ ပိုင်း ရှိပါတယ်။
၁။ နယ်ပယ် ရွေးခြင်း
ကိုယ်က IELTS/TOEFL/TOEIC/Cambridge Exam စတဲ့ Exam Format တွေအတိုင်း လေ့လာချင်တာလား။ ဒါမှမဟုတ် သာမန် General English ကိုပဲ မြှင့်ချင်တာလား၊ ဒါမှမဟုတ် TOEIC/Business English လိုင်းကို သွားချင်တာလား - အစရှိတဲ့ နယ်ပယ်တွေထဲက ကိုယ်သွားချင်တဲ့ နယ်ပယ်ကို အရင်ဆုံး ရွေးချယ်ရမှာပါ။ တစ်ခုခု ရွေးချယ်ပြီးပြီဆိုရင် ဒီနယ်ပယ်က စာအုပ်တွေကို ဦးစားပေးပြီး ရွေးရမှာပါ။ ကိုယ်သွားချင်တာက Business English, ဒါပေမဲ့ ရွေးလိုက်မိတဲ့ စာအုပ်က EAP (English for Academic Purpose) ဆိုရင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်မှာပါ။
၂။ Level ရွေးခြင်း
- (က) ကိုယ်က တိုးတက်ချင်တာ ဖြစ်တဲ့အတွက် ကိုယ့် Level ထက် နည်းနည်းလေး ပိုမြင့်တဲ့ စာအုပ်ကို ဝယ်ဖို့၊ လေ့လာဖို့ပါ။ ဒါမှသာ ကိုယ့် Skill တွေက မြင့်လာမှာပါ။ ဥပမာ - ကိုယ့် Level က B1 သေချာတယ်ဆိုရင် B1+ (or) B2 စာအုပ်မျိုးကို ဝယ်ပြီး လေ့လာဖို့ပါ။ Level အလိုက် ထုတ်ထားတဲ့ General English or IELTS စာအုပ်တွေ အများကြီး ရှိပါတယ်။ IELTS ဆိုရင်လည်း 5.5, 6.5 စသည်ဖြင့် ခွဲထုတ်ထားတာတွေ ရှိပါတယ်။ အဲဒီထဲက ရွေးရမှာပါ။ ဒီတော့ ကိုယ်နဲ့ ကိုက်ညီမဲ့ Level စာအုပ်ကို ရွေးဖို့ လိုပါတယ်။ စာအုပ်တိုင်းရဲ့ နောက်ကျောက်ဘက်နဲ့ အစပိုင်း စာမျက်နှာတွေမှာ ‘ဒီစာအုပ်က ဘယ် Level ဖြစ်ပါတယ်’လို့ CEFR Level တွေကို ပြထားလေ့ ရှိပါတယ်။ အဲဒါ ကြည့်ပြီး ရွေးပါ။
- (ခ) နောက်တစ်နည်းကတော့ ကိုယ့်ကိုယ်ကိုယ် သိပ် မယုံကြည်သေးဘူးဆိုရင်တော့ လက်ရှိ Level ထဲက တခြားစာအုပ်တွေကို လေ့လာဖို့ပါ။ ပြောချင်တာကတော့ ကိုယ်က Complete B1 စာအုပ်နဲ့ လေ့ကျင့်လို့ ပြီးသွားပြီဆိုပါစို့၊ နောက်တစ်ခါ (B1+/B2 စာအုပ်ကို မရွေးသေးဘဲ) Compact B1 (or) Objective PET တို့ကို လေ့ကျင့်တာမျိုးပါ။ ကိုယ့် Level ကို ပိုပြီး ခိုင်အောင် လေ့ကျင့်တဲသဘောပါ။ (ကိုယ့် Level က ဘယ်လောက်ရှိသလဲ-ဆိုတာ စမ်းသပ်တဲ့ နည်းတွေ ရှိပါတယ်။ ဟောဒီမှာ ပို့စ်တစ်ခု သက်သက် ရေးထားပါတယ်။)
၃။ အကြိုက်ရွေးခြင်း
စာအုပ်တိုင်းကို အတွေ့အကြုံရှိတဲ့ ဆရာ/မတွေက ပြုစုထားပေမဲ့ ကိုယ့်အကြိုက်နဲ့ မကိုက်တဲ့ စာအုပ်တွေလည်း ရှိတတ်ပါတယ်။ ကိုယ် ပိုပြီး သဘောကျတဲ့ စာအုပ်တွေလည်း ကြုံတတ်ပါတယ်။ ဥပမာ - ကိုယ်တို့ဆိုရင် Complete Series တွေကို Compact Series တွေထက် ပိုပြီး သဘောကျပါတယ်။ (နှစ်မျိုးလုံး သုံးပါတယ်။ ပိုကြိုက်တာကို ပြောတာပါ။) ဒီတော့ Series တွေထဲက ကိုယ့် Level နဲ့ ကိုက်ညီတဲ့ Eook တစ်အုပ်ကို Internet ကနေ Download ချပြီး အကြမ်းဖျင်း လေ့လာကြည့်ပါ။ ကိုယ် သဘောကျနိုင်တဲ့ စာအုပ် ဟုတ်/မဟုတ် စိစစ်ပါ။ အဲဒီနောက်မှ Printed Book တွေကို ဝယ်ပါ။ ဒါဆိုရင် အမှား နည်းမှာပါ။ ပိုက်ပိုက် အကုန်အကျ သက်သာမှာပါ။
အဲဒီစာအုပ်တွေမှာက Student Book with Answer နဲ့ Student Book without Answer (+Teacher Book) လို့ ခွဲပြီး ရှိတတ်ပါတယ်။ (Workbook ဘာညာကတော့ ထားလိုက်ပါတော့) စာအုပ်မျက်နှာဖုံးပေါ်မှာ သေသေချာချာ ပြပေးထားတာမို့ အလွယ်တကူ ဖတ်ကြည့်လို့ ရပါတယ်။ အဖြေကိုပါ တစ်ပါတည်း လိုချင်ရင် with Answer စာအုပ်တွေကို မှာရမှာပါ။ without Answer စာအုပ်တွေမှာကျတော့ အဖြေကို Teacher Book တွေထဲမှာ ပေးထားပါပါတယ်။ အဖြေလိုချင်ရင် သူ့ကို သီးသန့် ဝယ်ရမှာပါ။ ကိုယ်တို့ဆိုရင် အဖြေ မပါတဲ့ စာအုပ်တွေကို ဝယ်ထားမိပေမဲ့ အဖြေရဖို့အတွက် Teacher Book ကို မဝယ်တော့ဘဲ Ebook ကိုပဲ ကွန်ပျူတာမှာ လေ့လာပါတယ်။ စစ်ဆေးဖို့အတွက်ပဲ သုံးတာမို့ Printed Book ရှိဖို့ မလိုအပ်တာကြောင့်ပါ။
တခြား စဉ်းစားစရာ အချက်တွေလည်း ရှိကောင်း ရှိဦးမှာပါ။ အခုလောက်ဆိုရင်တော့ ယုံကြည်ချက်အပြည့်နဲ့ စာအုပ်တွေကို ရွေးချယ်နိုင်လောက်ပါပြီ။
အဆင်ပြေကြပါစေ
ငြိမ်းချမ်းပါစေ မြန်မာပြည်
အေးချမ်းပါစေ ကမ္ဘာမြေ
A batch 7th TESOLer
Mandalay TESOL Centre

Comments
Post a Comment