Skip to main content

ကိုယ့်ဘဝနဲ့ ကိုယ်

#ELT #CPD #CELTA #TeacherTraining

("ငြိမ်းချမ်းပါစေ မြန်မာပြည်")

ဟိုတစ်နေ့က ရေမွန်ဆိုလား ကွယ်လွန်တဲ့အကြောင်း ကြားရတော့ ဘာဘာညာညာ မသိဘဲ Like & Sad တွေ နှိပ်လိုက်ရတယ်။ နောက်မှ အကျိုးအကြောင်းလေးတွေ လိုက်ဖတ်ဖြစ်တယ်။ ကိုယ်သိတာက ရေမွန်မာဖီ(Raymond Murphy) တစ်ယောက်တည်းရယ်။ ဟိုတစ်ခါတုန်းကလည်း ကံသစ်ရွာက ကလေးတွေနဲ့ တွေ့တော့ ရွှေမင်းသမီး-ဆိုလား ပြောတာ ကြားရတယ်။ အဲဒါ ဘာလဲဟ-လို့ မေးတော့ မင်းသမီး-လေတဲ့။ အော် ဟုတ်လား-လို့ ကိုယ်က ပြန်မေးရတဲ့အဖြစ်။

ကိုယ့်ကိစ္စနဲ့ကိုယ်-ဆိုတာက ကြွားဖို့ စာအုပ်တွေ စုဖြစ်တဲ့အကြောင်းပါ။ စာအုပ်ထဲက အသိတရားတွေက ဦးနှောက်ထဲ ရောက်/မရောက် မသေချာပါဘူး။ ဒါတင်မက အပြောတွေ၊ အရေးတွေနဲ့ ထုတ်ကြွားနိုင်မလားဆိုတာလည်း မသေချာပါဘူး။ အဲ... စာအုပ်တွေကတော့ ဝယ်ထားပြီး/ပရင့်ထုတ်ထားပြီးရင် စာအုပ်စင်မှာ အခန့်သား ကြွားလို့ရတာကိုး။ ဟုတ်တာ မဟုတ်တာ အပထား၊ လူ ရှိန်တာပေါ့ နော။ ကဲ ထားပါတော့။

လက်တလော ပျင်းပျင်းရှိတာနဲ့ မျှော်မော ငေးနေရတဲ့ CELTA အကြောင်း လိုက်ဖတ်တော့ ဖတ်သင့်တဲ့ စာအုပ်တွေဆိုပြီး ညွှန်းထားတာတွေ တွေ့ရပါတယ်။ တချို့စာအုပ်တွေက ကိုယ့်ဆီမှာ နဂိုကတည်းက ပရင့်ထုတ်ပြီးသား၊ ရှိပြီးသားတွေ။ စာအုပ် အတော်များများကတော့ Ebook တွေပေါ့။ ဒါနဲ့ စိတ်ဝင်စားတဲ့ စာအုပ်လေးတွေ ရွေးပြီး ပရင့်ထုတ်ဖို့ ဆိုင်ပို့လိုက်တယ်။ သူတို့ ညွှန်းထားသမျှတွေ အကုန်လုံး ပရင့်ထုတ်ဖို့တော့ မတတ်နိုင်သေးဘူးလေ။ အများကြီးကိုး။ ပရင့်ထုတ်ပြီးတော့မှ သိလိုက်ရတာက အောင်မလေး..ဈေးကြီးလိုက်တဲ့ ဖြစ်ခြင်း။ ကိုဗစ်ကာလ > ကိုညစ်ကာလ > အကုန် ဈေးတက် > စာရွက် ဈေးတက် > ပရင့် ဈေးတက် > တက်...တက်...တက်။

ပရင့်ထုတ်ဖြစ်သွားတဲ့ စာအုပ်တွေက

1. Teaching and Learning in the Language Classroom by Tricia Hedge - ဒီစာအုပ်ကို ညွှန်းကြတာ ရှိသလို တချို့ကလည်း ဒီစာရင်းထဲက Jim Scrivener စာအုပ်ကို ညွှန်းကြတာလည်း ရှိပါတယ်။ ဒါနဲ့ ၂ မျိုးလုံး ပရင့် ထုတ်ခိုင်းလိုက်ပါတယ်။ တစ်ပိုင်းတစ်စ ဖတ်ကြည့်တော့ လုံးစေ့ပတ်စေ့ နားမလည်သေးတာက လွဲလို့ စိတ်ဝင်စားစရာတော့ အကောင်းသား။ Teaching the Language System ပိုင်းမှာ Vocabulary ကို ပထမ ဦးစားပေးသဘော တင်ပြထားတယ်လို့ ယူဆမိပါတယ်။ ကောင်းကွက်ကတော့ အခန်းတိုင်းရဲ့ အဆုံးမှာ ဆက်လက် လေ့လာဖို့ Reading List တွေ ပေးထားတာပါ။

2. Classroom Management Techniques by Jim Scrivener ဒါကတော့ နောက်ပိုင်းမှာ လူသိ ပိုများလာတဲ့ စာအုပ်လို့ ပြောကြပါတယ်။ သူက  ပထမစာအုပ်ထက် ဒီဘက်ခေတ်နဲ့ ပိုနီးပါတယ်။ ကံ မကောင်းတာကတော့ အွန်လိုင်းပေါ်က ရတဲ့ ဒီစာအုပ်မှာ စာမျက်နှာ ၅၀ လောက် လွတ်နေတာပါ။ တချို့စာမျက်နှာတွေကတော့ မူရင်းမှာကိုက အလွတ်ဖြစ်မှာပါ။ ဒါပေမဲ့ လွတ်နေတာ များလွန်းပါတယ်။ စာမျက်နှာ ပြည့်စုံတဲ့ Ebook များရှိရင် လိုချင်ပါတယ်။ စာအုပ်ရှာလို့ရတဲ့ Website အတော်များများမှာ ရှာကြည့်တော့ အတူတူပဲ လွတ်နေတဲ့ စာမျက်နှာတွေ များနေတာ စိတ်ပျက်စရာပါ။ တကယ်လို့များ ပရင့်ထုတ်မယ်ဆိုရင် သတိပြုနိုင်ကြဖို့ပါ။

3. The Practice of English Language Teaching 5th edition - Jeremy Harmer နဂိုက PELT4 က ရှိထားပြီးသား။ ဒီဟာက နောက်ဆုံးထုတ် 5th edition မို့ ထပ် ထုတ်ထားလိုက်တာပါ။ ဒီစာအုပ်က ထွက်တာ မကြာသေးတော့ Scanned Ebook ကို ပရင့်ထုတ်ထားပေမဲ့ အရည်အသွေး အတော်လေး ကောင်းပါတယ်။ ဒီစာအုပ်ရဲ့ DVD ကိုတော့ ရှာလို့ မတွေ့သေးပါဘူး။ တကယ်လို့များ အခု PELT5 ရဲ့ DVD များ ရှိရင် ရချင်ပါတယ်။

4. A Course in English Language Teaching 2012 edition - Penny Ur ဒါကလည်း နဂိုက 2009 ထုတ်က ရှိပြီးသား။ ဒီ 2012 ထုတ်ကို နောက်ပိုင်းမှ ရတာမို့ ထပ် ထုတ်ထားလိုက်တာပါ။ ဘာတွေ ပို ထူးခြားလာသလဲ-လို့ သိချင်တာလည်း ပါတာပေါ့။

5. Practical Techniques for Language Teaching by Michael Lewis & Jimmie Hill ဒီစာအုပ်က ထုတ်တာ အတော်လေး ကြာပြီ ထင်ပါတယ်။ သူကတော့ စာအုပ်ကို ကြိုက်တဲ့နေရာ လှန်လှောပြီး တွေ့တဲ့နေရာ ဖတ်ရုံပါပဲလို့ Oxfordtefl Website က ညွှန်းထားတာ တွေ့ပါတယ်။ တချို့ကလည်း Penny Ur's 100 Teaching Tips ကို ညွှန်းကြပါတယ်။

6... တခြားစာအုပ်တွေကတော့ Language Skill မြှင့်တင်ဖို့ စာအုပ်တွေပါ။

စာလုပ်ဖြစ်တာ မဖြစ်တာ အပထား။ ဒီတစ်ဝါအတွက် စာအုပ်စင်မှာ ထားပြီး ဒါယကာ၊ ဒါယိကာမတွေကို ကြွားပြစရာ ရသွားတာပေါ့။ မိတ်ဆွေတစ်ပါး ပြောသလို "ဒါ တို့ဘုန်းကြီး ခေါင်းအုံးပြီး ကျိန်းစက်တဲ့ စာအုပ်တွေပေါ့ကွ။ ပျင်းတိုင်း ထုတ်ထုတ် ဖတ်တာတွေ"လို့ ကြွားလို့ ရတာတွေ။

ဆရာ၊ ဆရာမတို့လည်း စာအုပ်တွေ ညွှန်းကြပါဦးလို့။

"ငြိမ်းချမ်းပါစေ မြန်မာပြည်"
A batch 7th TESOLer
Mandalay TESOL Centre

Comments

Popular posts from this blog

US Jobless Rate Rises While Job Growth Slows (Business)

By VOA News https://www.voanews.com/usa/us-jobless-rate-rises-while-job-growth-slows #C2+ #IELTS #Reading #VOA #Business 1. Nonfarm (adj) relating to economic activities not associated with farming 2. Payroll (n) (A) a list of people employed by a company showing the amount of money to be paid to each of them We have 500 people on the payroll. Manufacturing payrolls have dropped by 16,000. (B) (usually singular) the total amount paid in wages by a company The firm is growing fast with a montly payroll of $1 million. They have an annual payroll of #23 million. 3. Modest (adj) not very large, expensive, important, etc. modest improvement/reforms He charged a relatively modest fee. a modest little house The research was carried out on a modest scale. The party made modest gains in teh elections, but nothing like the huge gains that were predicted. a modest increase in costs She had saved a modest amount of money. 4. Revise (v) to change sth because of new information or ideas The college ...

ကိုယ့်ရဲ့ English Level ကို ဘယ်လို စစ်ကြည့်မလဲ

#Level #Test #Study #IELTS #A1 #A1+ #A2 #A2+ #B1 #B1+ #B2 #B2+ #C1 #C1+ #C2 #C2+ IELTS/TOEFL/TOEIC/Cambridge Exam/PTE တွေ ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ့် Level လောက် မမြင့်တဲ့ စာအုပ်တွေနဲ့ လေ့ကျင့်နေရင် သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး။ အမြင့်ကို ရောက်ချင်ရင် အထက်ကို တက်ရမှာပါ။ ဆိုတော့ အမှန်က ကိုယ့် Level နဲ့ ကိုက်ညီတဲ့၊ ကိုယ့် Level ထက် တစ်ဆင့်ပဲ ပိုမြင့်တဲ့ (ဥပမာ- ကိုယ်က B1 ဆိုရင် B1+ ဒါမှမဟုတ် B2) စာအုပ်တွေနဲ့ လေ့ကျင့်ဖို့ အတော်လေး အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ့်အရည်အသွေးက အဆင့် မြင့်လာမှာပါ။ ဒါကို သတိတရ ပြောရတာကတော့ တစ်ခါတုန်းက ဆရာမတစ်ဦးနဲ့ ကြုံဖူးပါတယ်။ သူ့ဆီက အကူအညီတောင်းစရာရှိလို့ စကားစပ်မိကြရင်း သူက သူ့ဆီမှာ ရှိတဲ့ IELTS စာအုပ်တွေကို ကိုယ်အသုံးကျရင် ယူဖို့ ပြောပါတယ်။ အဲဒီအချိန် သူရောကိုယ်ရော B1+ ဒါမှမဟုတ် B2 ထဲ ရောက်နေပါပြီ။ (အခုလည်း B2+ လောက်တော့ ရှိကောင်းပါသေးရဲ့။) ဒါပေမဲ့ သူ ပြတဲ့ စာအုပ်တွေက A2+ / B1 လောက်ပဲ ရှိနေပါတယ်။ သူက ဒါကို သတိမပြုမိပါဘူး။ ကိုယ်ပြောမှ သူလည်း သတိထားမိသွားတာပါ။ ကိုယ် မပြောမိရင် သူ့ခမျာ လွယ်တဲ့ စာအုပ်တွေနဲ့ပဲ "ငါ တယ်တော်နေပါလား"လို့ ထင်နေရှာမှာပါ။ ကဲ ...

ဘာသာစကားတစ်ခုကို သင်တဲ့အခါ ခြွင်းချက်ထားလို့ မရ။ အကုန် သင်ရမယ်။

TOEFL/IELTS/Cambridge Exams/PTE အစရှိတဲ့ ဘာသာစကား စာမေးပွဲတွေ ဖြေခဲ့သူတွေနဲ့ စကားပြောတဲ့အခါတိုင်း အထက်က စကားကို ကြားရလေ့ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းက သိပ်ပြီး သတိမထားမိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ဖြေပြီးတဲ့နောက်မှာ အဲဒီစကားက အတော်လေး မှန်တယ်ဆိုတာကို သိလာရပါတယ်။ ကိုယ်ပိုင် တွေ့ကြုံပြီးပြီဆိုတော့ နောက်လူတွေ ထပ် မမှားသင့်တဲ့ အမှားတွေဖြစ်လို့ ပြောပါရစေဦး။ ကိုယ်တိုင် အင်္ဂလိပ်စာတွေ သင်ယူတဲ့အခါမှာရော၊ ဆရာဖြစ်လို့ သင်ပေးတဲ့အခါမှာပါ တချို့ အကြောင်းအရာတွေကို မသိမသာရော၊ သိသိသာသာပါ ချန်ထား၊ ကျော်ထားခဲ့လေ့ ရှိခဲ့ပါတယ်။ "ဒါတွေကတော့ ငါ ပြောဖြစ်မှာ မဟုတ်ပါဘူး"ဆိုတဲ့ စိတ်ထားနဲ့ ခြွင်းချက် ထားခဲ့တာတွေပါ။ ကိုယ်တွေ့ ဥပမာ ပြရရင် - အစားအသောက်၊ ဟိုတယ်၊ အဝတ်အစား စသည်ဖြင့်။ ကိုယ်ကိုယ်တိုင်က အဲဒီအကြောင်းအရာတွေကို စိတ်မဝင်စားတာကြောင့်ရော၊ အဲဒါမျိုးတွေ ပြောနေတာ/ရေးနေတာတွေကို ကလေးကလားဆန်တယ်ဆိုတဲ့ အတွေးကြောင့်ရော ချန်လှပ်ထားခဲ့မိတာပါ။ တကယ်ကျတော့ အဲဒါ အမှားကြီး မှားပါတယ်။ ပြီးခဲ့တဲ့ IELTS စာမေးပွဲ ဖြေမလို့လုပ်တုန်း Speaking ပိုင်းတွေ လေ့ကျင့်တဲ့အခါ 'ဟိုတယ်'အကြောင်း ပြောဖို့ ပါလာပါတယ်။ ကိုယ့်မှာက အဲ...